မိုးညို သြဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ မိုးညိုမြို့နယ်ရှိမြောက် လုပ်ကုန်း-ကရင်ချောင်မြစ်မခမြစ်ကူးတံတား ရံပုံငွေပေးအပ်ပွဲနှင့် ဆင်မနိုင်ဇုံအတွင်း ကျေးလက်ဆေးပေးခန်းဆောက်လုပ်မည့်ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်က ပြုလုပ်ခဲ့သည်။
ရန်ပုံငွေပေးအပ်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ဝန်ကြီးချုပ်မှ မိုးညိုမြို့နယ်ရှိမြောက်လုပ်ကုန်းအုပ်စုနှင့် ကရင်ချောင်အုပ်စုကြားတွင်ရှိသော ကိုယ်ထူကိုယ်ထဆောက်လုပ်လျက်ရှိသည့် အလျား (၇၈) ပေ၊ အနံ (၁၄) ပေ၊ အမြင့် (၁၅) ပေ၊ သံဘောင်သစ်သားခင်းမြစ်မခမြစ်ကူးတံတားဆောက်လုပ်နေမှုအတွက် ရံပုံငွေ (၉၇) သိန်းအား ပေးအပ်ခဲ့ရာတံတားဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌမှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ ဆင်မနိုင်ဇုံနယ်အတွင်း ကျေးလက်ဆေးပေးခန်းဆောက်လုပ်ရန်နေရာနှင့်ပတ်သက်၍ မိုးညိုမြို့နယ်တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်း၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကို၊ ဆင်မနိုင်အုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး၊ ဆင်ခေါင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းနှင့် ဒေသခံပြည်သူများမှ အသီးသီးတင်ပြခဲ့ပြီး ဝန်ကြီးချုပ်နှင့်သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်မှ ကျန်းမာရေးသုံးပစ္စည်းများနှင့် အားကစားပစ္စည်းများပေးအပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာကျော်မိုးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)