Skip to main content

ဆိပ်ကြီးခနောင်တိုနှင့် ဒလမြို့နယ် ဖွံ့ဖြိုးရေး ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် အောက်တိုဘာ ၃

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ ရောက်ရှိပြီး ခနောင်တိုအရှေ့ရပ်ကွက် ဗဟိုလမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝင်းအတွင်း ကွန်ကရစ်ခင်းကျင်းပြီးစီးမှု၊ ဓမ္မပီတိ ခုံးထိပ်တံတားမှ အခြေခံပညာ အထက်တန်းကျောင်းအထိ ကွန်ကရစ်လမ်း တိုးချဲ့ခင်းကျင်းနေမှု၊ ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ လမ်းပခုံးသားများ ပြေပြစ်အောင်ဆောင်ရွက်ရေး မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟိုလမ်းတစ်လျှောက် 110 mmØ HDPE ပိုက်သွယ်တန်း ခြင်းလုပ်ငန်း၊ အောင်မင်္ဂလာရေပေးဝေရေးစခန်းအတွင်း သုံးနာရီလျှင် ရေဂါလန် ၂၀၀၀၀ ထွက်ရှိသည့် အကြိုရေသန့်စင်စက်ရုံနှင့် ရေဂါလန် ၃၆ သန်းဆံ့ အောင်မင်္ဂလာရေကန်တို့ကိုလည်းကောင်း၊ ဒလမြို့နယ် အောင်မင်္ဂလာရပ်ကွက် ဒလ-တွံတေး ကား လမ်းဘေးရှိ ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ပန်းကွက်ဖော်မြေယာရှုခင်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ဆောင်ရွက်လျက်ရှိသည့် အာဆီယံသပြေ စိုက်ပျိုးထားရှိမှု၊ မြေယာရှုခင်းဆောင်ရွက်နေမှုနှင့် ပျိုးခြံအတွင်း ပေါ်လိုနီယား နှစ်ရှည်ပင်အပင် ၅၀၀ ပြုစုပျိုးထောင်ထားရှိမှုတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် မြို့တော်ဝန်သည် မြို့တော်ခန်းမ ပထမထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်နှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး မြို့တော်သန့်ရှင်း သာယာသပ်ရပ်ရေး၊ ရေပေးဝေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကောင်းမွန်ရေး၊ ပြည်သူများ ရေပြတ်လပ်မှုမရှိစေရေး၊ အများပြည်သူများနှင့် အဆင်ပြေချောမွေ့စွာ ဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်