Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်  အောက်တိုဘာ  ၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ညနေပိုင်းက ပြင်ဦးလွင်မြို့၌ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သုတေသနလုပ်ငန်းများသည် ဆေးပညာဖွံ့ဖြိုးတိုးတက်ခေတ်မီ စေရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ကြီးဌာန၏ မူဝါဒများအကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် ဦးစီးဌာနဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် Genetic sequencing (မျိုးရိုးဗီဇ) ပြောင်းလဲမှုကို ဓာတ်ခွဲစမ်းသပ်နိုင်ခဲ့သလို နောင်တွင်လည်း မျိုးရိုးဗီဇပြောင်း ရောဂါပိုးများကို ဆက်လက်သုတေသနပြုသွားရန်လိုကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် နောင်တွင်ဖြစ်ပွားလာနိုင်သည့် ကူးစက်ရောဂါအသစ်များကို တုံ့ပြန်ဆောင်ရွက်သွားနိုင်ရေး အမြဲအသင့်ရှိနေရမည်ဖြစ်သလို ကာကွယ်ဆေးဖြင့်ကာကွယ်၍ ရသောရောဂါများ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးထိုးနှံရမည့် အသက်အရွယ်အတွင်း အကျုံးဝင်သည့် ကလေးငယ်များ တစ်ယောက်မကျန် ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ထမ်းများက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ အခက်အခဲများကို တင်ပြကြပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးသုတေသနဦးစီးဌာန၏ သုတေသနလေ့ကျင်းရေးဗဟိုဌာန (Research Training Center) တည်ဆောက်ပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆေးသုတေသနဦးစီးဌာန၏ သုတေသနလေ့ကျင့်ရေးဗဟိုဌာနဖွင့်လှစ်ပြီးစီးပါက ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်များမှ ဘွဲ့လွန်သင်တန်းသားများ၊ အခြား ဝန်ကြီးဌာနများမှ ဘွဲ့လွန်သင်တန်းသားများ၊ ဝန်ထမ်းများကို သုတေသနနည်းပညာ အခြေခံ လိုအပ်ချက်နှင့် သုတေသနနည်းလမ်းများကို လေ့ကျင့်သင်ကြားပေးနိုင်မည်ဖြစ်ပြီး ဘာသာရပ်များအနေဖြင့် လက်တွေ့အသုံးချ သုတေသန (Implementation Research)၊ သုတေသနနည်းစနစ် (Research Methodology)၊ လူမှုရေးသိပ္ပံဆိုင်ရာသုတေသန (Social Science Research)၊ ဇီဝဆေးပညာဆိုင်ရာသုတေသန (Bio-medical Research) နှင့် သုတေသနကျင့်ဝတ် (Research Ethics) ဘာသာရပ်များကို သင်ကြားပို့ချပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်