Skip to main content

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ(၂၀၂၀) ဖြင့် စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၃

တောင်သူများ၏ လူမှုစီးပွားဘဝ ပြောင်းလဲတိုးတက်လာရေးနှင့် လယ်ယာထွက်ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေးအတွက် သီးနှံအရည်အသွေး ပြည့်မီကောင်းမွန်ရန် လိုအပ်သည့်အပြင် ကုန်သွယ်ဖက်နိုင်ငံ၏ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အပင်ပိုးမွှားကင်းရှင်းရေး အစီအမံများ (Sanitary and Phytosanitary- SPS) ဆိုင်ရာ လိုအပ်ချက်များအား ပြည့်မီစွာ ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မဲခေါင်- လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းအောင်မြင် ပြီးမြောက်သည့် အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားပြောကြားကြပြီး စီမံကိန်းတာဝန်ခံက မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

မဲခေါင်-လန်ချန်း အထူးရန်ပုံ ငွေအစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ စီမံကိန်း ၁၉ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပသော သီးနှံကာကွယ်ရေးဌာနခွဲက တာဝန်ယူဆောင်ရွက်ခဲ့သည့် စီမံကိန်းကို မဲခေါင်-လန်ချန်း စီမံကိန်းများ၏ တတိယအသုတ်အဖြစ် စီမံကိန်းဒေသများဖြစ်သော ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် သီးနှံကာကွယ်ရေးဌာနခွဲ (ရန်ကုန်)တို့တွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လတ်ဆတ်သော သစ်သီးဝလံများအပါအဝင် လယ်ယာထွက်ကုန်များကို နိုင်ငံတကာကုန်သွယ် မှုဆောင်ရွက်ရာတွင် မိမိနိုင်ငံ၏ လူ၊ အပင်နှင့် တိရစ္ဆာန်တို့၏ ကျန်းမာရေးအားသွင်းကုန်နှင့်အတူ ပူးတွဲပါရှိလာမည့် အန္တရာယ်ကြီးမားသော သီးနှံဖျက်ပိုးများနှင့် အစားအစာဘေးအန္တရာယ်များမှ ကာကွယ်ရန် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အပင်ပိုးမွှားကင်းရှင်းရေး အစီအမံများ (Sanitary and Phytosanitary Measures: SPS Measures) များကို နိုင်ငံအသီးသီး၌ ရေးဆွဲ ပြဋ္ဌာန်းပြီး ဘေးကင်းလုံခြုံရေး အစီအမံအဖြစ် ကျင့်သုံးလာလျက်ရှိရာ မြန်မာ့လယ်ယာထွက်ကုန် များကို နိုင်ငံတကာသို့ အဆင်ပြေချောမွေ့စွာ တင်ပို့ရောင်းချနိုင်ရန်အတွက် ယခုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စီမံကိန်းတွင် ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြည့် တင်းခြင်းနှင့် ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ခြင်း၊ ထိန်းချုပ်ဖျက်ပိုးဆိုင်ရာ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းနှင့် အရည်အသွေးကောင်း သစ်သီး များထုတ်လုပ်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာသင်တန်းများ၊ နိုင်ငံတကာကုန်သွယ်ရေးတွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အပင်ပိုးမွှားကင်းရှင်းရေး ကဏ္ဍများဆိုင်ရာ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်