နေပြည်တော် အောက်တိုဘာ ၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) လေးလမ်းသွား တံတားသစ်တိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေး ဝဲ/ ယာ တစ်လျှောက် သစ်ပင်များစိုက်ပျိုးထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားအထူးအဖွဲ့ (၆) မှ တာဝန်ယူတည်ဆောက်နေသည့် ဘောဂသီရိအဝေးပြေး ကားဝင်းအနီးရှိ အရှည်ပေ ၂၁၀ ဆင်သေချောင်းတံတား (ကျောက်ချက်) မူလတစ်လမ်းမောင်း သံပေါင်တံတားဟောင်းနေရာတွင် သံကူကွန်ကရစ်လေးလမ်းသွား တံတားအသစ်တိုးချဲ့ တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယာဉ်ကြောပြင်ဆင် သတ်မှတ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ချောင်းရေတိုက်စားမှု မဖြစ်စေရေး၊ သတ်မှတ်ချိန်အတွင်းပြီးစီးရေးနှင့် စံချိန်စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်နှင့် တံတားတည်ဆောက်ပြီးစီးပါက တံတားနှင့် ဘောဂသီရိအဝေးပြေးကားဝင်းကြားရှိ လမ်းဆုံ(Junction )တွင် ယာဉ်သွားလာမှု စနစ်တကျဖြစ်စေရေးအတွက် ယာဉ်ကြောပြင်ဆင် သတ်မှတ်ပေးရန်တို့ကိုမှာကြားပြီး လုပ်ငန်းခွင်အတွင်း အသေးစိတ်ကြည့်ရှုစစ်ဆေးသည်။ (အပေါ်ပုံ)
ကွင်းဆင်းကြည့်ရှု စစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး) နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခင်လေးလမ်းသွားမှ ခြောက်လမ်းသွားအဆင့်သို့ လမ်းတာပေါင်တိုးချဲ့ထားရှိသည့် လမ်းကြောင်းတစ်လျှောက် လမ်းဘေး ဝဲ /ယာတို့တွင် စိုက်ပျိုးထားပြီးသော သစ်ပင်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်