ဟန်ကျိုး အောက်တိုဘာ ၃
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက် ဒေသစံတော်ချိန် ၆ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့ အားကစားရွာသို့ရောက်ရှိပြီး (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နဂါးလှေလှော် (Dragon Boat) မြန်မာအသင်းကို တွေ့ဆုံအားပေးစကားပြောကြားကာ ဝမ်းကျိုးမြို့သို့ ဆက်လက်ထွက်ခွာမည့် မြန်မာ လှေလှော်အသင်းကို ပို့ဆောင်နှုတ်ဆက်သည်။
ထို့နောက် အားကစားရွာအတွင်း နိုင်ငံတကာအားကစားသမားများ နေထိုင်ရန် စီစဉ်ထားသည့် အဆောက်အဦများ၊ Fitness Center များ၊ မြန်မာအားကစားသမားများ နေထိုင်သည့် နေရာနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးခန်း ပြင်ဆင်ဖွဲ့စည်းထားမှုကို လှည့်လည်ကြည့်ရှုလေ့လာသည်။
ယနေ့တွင် ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသားလေးယောက်တွဲအကြို ဗိုလ်လုပွဲ ပြိုင်ပွဲကိုကျင်းပရာ မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ဂျပန်အသင်းကို နှစ်ပွဲ - တစ်ပွဲ ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
အဆိုပါ ပိုက်ကျော်ခြင်းအားကစားနည်း ဗိုလ်လုပွဲ ပွဲစဉ်ကို အောက်တိုဘာ ၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်