နေပြည်တော် အောက်တိုဘာ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ်(၂၄၈)နှင့် (၂၄၉)တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့မည့်/တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အောက်ဖော်ပြပါ ကုန်စည်အမျိုးအစား(၁၈)ခုတို့ကို တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ရမည်ဖြစ်ပါသည်-
(က) အသားနှင့်အသားထုတ်ကုန်များ၊
( ခ ) ရေထွက်ကုန်များ၊
( ဂ ) နို့ထွက်ပစ္စည်းများ၊
(ဃ) ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ၊
( င ) အဆာသွတ်ရန်အသုံးပြုသည့် အပေါ်ခွံ၊
( စ ) ပျားရည်နှင့်ပျားထွက်ပစ္စည်း၊
(ဆ) ဥနှင့်ဥထုတ်ကုန်များ၊
( ဇ ) စားသုံးဆီ၊
(ဈ) အပြင်အသားအား ဂျုံသားဖြင့်ပြုလုပ်ထားပြီး စားသုံးနိုင် သည့် သို့မဟုတ် အေးခဲထားသည့် ထုတ်ကုန်များ၊
(ည) စားသုံးနိုင်သောအစေ့အဆန်များ၊
( ဋ ) ကြိတ်ခွဲသီးနှံထွက်ကုန်များနှင့်မုယောစပါး၊
( ဌ ) လတ်ဆတ်သောဟင်းသီးဟင်းရွက်များနှင့် ရေဓာတ်ထုတ် ထားသော ဟင်းသီးဟင်းရွက်များ၊
( ဍ ) ပဲမျိုးစုံ၊
( ဎ ) အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင် များ၊
(ဏ) အခွံမာသီးနှင့်အစေ့အဆန်များ၊
(တ) သစ်သီးခြောက်များ၊
(ထ) မလှော်ထားသော ကော်ဖီစေ့နှင့်ကိုကိုးစေ့များ
( ဒ ) အထူးအာဟာရအစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက် စာများ၊
ကုန်စည်အုပ်စုအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ဖြစ်ကြပါသည်။ အဆိုပါ ကုန်စည်အမျိုးအစား (၁၈)အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/တင်ပို့မည့် လုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက် အစီအစဉ်ဖြစ်သည့် https://cifer.singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ပါသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ကုမ္ပဏီ/စက်ရုံ (၁၃၈၀)ခုမှ ပေးပို့ထားသည့် စောင်ရေစုစုပေါင်း(၂၅၄၇) စောင်အားမှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ(၁၂၃၅) ခု၊ စောင်ရေ(၂၄၀၂)စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံ(၁၂၂)ခု၊ စောင်ရေ(၁၂၂)စောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ(၁၄)ခု၊ စောင်ရေ(၁၄)စောင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကုမ္ပဏီ(၉) ခု၊ စောင်ရေ(၉)စောင်ဖြစ်သည်။
အဆိုပါမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များအပါအဝင် ကုန်စည်များအား တရားဝင်တင်ပို့နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့(GACC)မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့် လုပ်ငန်းများစာရင်းအားတရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ် https://ciferquery.singlewindow.cn/ ၌ ဖော်ပြထားပါသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များ တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်းအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)အောက်ရှိ CIFER မှတစ်ဆင့် ဆောင်ရွက်ခဲ့ရာမှ China Department of Animal and plant Quarantine ဌာနမှ အောက်ဖော်ပြပါ စိုက်ပျိုးရေးစားသောက်ကုန်စည် အုပ်စု(၇)မျိုးကို ပြောင်းလဲတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို Manual စနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်-
(က) ကော်ဖီစေ့(raw)၊ ကိုကိုးစေ့ (cocoa beans) {Unroasted coffee beans and cocoa beans}
( ခ ) ဟင်းသီးဟင်းရွက်အစိမ်းများ{Fresh and dehydrated vegetables}
( ဂ ) ဟင်းခတ်အမွှေးအကြိုင်များ{Plant Seasonings (Plant Species)}
(ဃ) စားသုံးနိုင်သည့် အစေ့အဆန်များ{Edible grains}
( င ) ပဲမျိုးစုံ{ Dried Beans}
( စ ) ဆီထွက်အပင်များ{Oilseeds (Oil Plant)}
(ဆ) တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့် တိရစ္ဆာန်(သို့မဟုတ်)အပင်မူရင်းများ {Chinese Traditional Medicines}
အဆိုပါ ကုန်စည်အုပ်စု(၇)မျိုးအတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်တိုင်ဆောင်ရွက်၍မရပါ။ သက်ဆိုင်ရာ Competent Authority Department ထံလျှောက်ထားရမည် ဖြစ်သည်။ စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။ သက်ဆိုင်ရာဌာနမှ တာဝန်ခံအရာရှိ(Competent Authority) ကသာ၎င်းလျှောက်ထားမှုကို ဆောင်ရွက်နိုင်ပြီးစာ(သို့မဟုတ်) Email ဖြင့် dapq@customs.gov.cn သို့ ပေးပို့ခြင်း၊ မြန်မာနိုင်ငံရှိ တရုတ်သံရုံး (သို့မဟုတ်) တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။
https://ciferquery.singlewindow.cn/ Website တွင် online စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)တွင် Competent Authority ထောက်ခံချက်လိုသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက်လျှောက်ထားသည့် ကုန်စည်အုပ်စုအပါအဝင် စုစုပေါင်းစောင်ရေ (၉၇၂)စောင်အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။
http://dzs.customs.gov.cn/ Website တွင် Manual စနစ်ဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် မှတ်ပုံတင်ပြီးဖြစ်သည့် စာရင်းများကို ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
ထပ်မံသိရှိလိုသည်များရှိပါက GACC ရုံးလုပ်ငန်းအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဖုန်းအမှတ် ၀၆၇-၃-၄၀၈၆၀၅၊ ၀၆၇-၃-၄၀၈၆၁၈ နှင့် Email: myantrade.Domestic@gmail.com တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။