နေပြည်တော် အောက်တိုဘာ ၂
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံရှိ International Travel Asia Travels and Tours နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်းပြည်နယ်ရှိ Dehong Travel ကုမ္ပဏီတို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန နီလာခန်းမ၌ ကြိုဆိုလက်ခံတွေ့ဆုံသည်။
အမှန်သတင်းများ ဖြေကြားပေးလျက်ရှိ
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအနေဖြင့် တရုတ်ခရီးသွားများ ပြည်ပသို့အဖွဲ့လိုက် ခရီးသွားခွင့်ပြုသည့် နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံပါရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အွန်လိုင်းလိမ်လည်မှုများနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံပူးပေါင်း လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်မှုများဖြင့် ဖမ်းဆီးနှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ သတင်းတုသတင်းမှားများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် တရုတ်သတင်းဌာနများသို့ အမှန်သတင်းများရရှိအောင် ဖြေကြားပေးလျက်ရှိကြောင်း၊ ယခုလာရောက်သူများအနေဖြင့်လည်း ခရီးစဉ်အတွင်း လက်တွေ့အမှန်တကယ် မြင်တွေ့ရသည်များကို ပြန်လည်ဖြန့်ဝေပေးစေလိုကြောင်း၊ ခရီးသွားများသွားလာလည်ပတ်သင့်သော ခရီးစဉ်ဒေသ(၁၄)ခုကို ကြော်ငြာထားရှိကြောင်းနှင့် ပျော်ရွှင်ချမ်းမြေ့သာယာသော ခရီးစဉ်ဖြစ်ကြပါစေကြောင်း ဆုတောင်းစကား ပြောကြားသည်။
ခရီးသွားများ ပိုမိုလာရောက်ရေး ဆောင်ရွက်သွားမည်
ထို့နောက် တရုတ်ခရီးသွားအဖွဲ့ခေါင်းဆောင် Mr. Dao Chengfu က တရုတ်နိုင်ငံ၏ လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သော သတင်းတုသတင်းအမှားများကို ချေဖျက်လိုသောကြောင့် ယခုခရီးစဉ်ကို စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုခရီးစဉ် ပြီးဆုံးသွားပါက မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ ကောင်းမွန်သော အတွေ့အကြုံများနှင့် အေးချမ်းသာယာမှုရှိကြောင်း သတင်းစကားများ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ခရီးသွားများ ပိုမိုလာရောက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးခိုင်မြဲသည့်အတွက် တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာမည်ဟု ယုံကြည်ပါကြောင်း ပြန်လည်ပြောကြားသည်။
အဆိုပါ တရုတ်နိုင်ငံသားခရီးသွားအဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တရုတ်နိုင်ငံမန်စီမြို့မှ မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာပြီး ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ် ကြမည်ဖြစ်ကြောင်းနှင့် အဆိုပါကုမ္ပဏီများအနေဖြင့် Golf Tour များအပါအဝင် ယူနန်၊ ရွှေလီ၊ ကူမင်း၊ ရှမန်၊ ပေကျင်း၊ ဟောင်ကောင်တို့မှ တရုတ်ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်