မိုးညို အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွက် သမဝါယမအသင်းသားတောင်သူများအား ဖြူစင်သူကုမ္ပဏီမှ တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသော ပုလဲ ၅၀ ကီလိုဂရမ်နှင့် ကွန်ပေါင်း ၅၀ ကီလိုဂရမ်သွင်းအားစုဓာတ်မြေဩဇာများကို ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးရာတွင် မိုးညိုမြို့နယ်အတွင်းရှိ သာယာကုန်းကျေးရွာ သာယာမြေစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်၊ ဇင်းချောင်းကျေးရွာ ငွေသာယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမ အသင်းလီမိတက်၊ မိုးသီတာကျေးရွာ မိုးသီတာလယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်များမှ အသင်းသား ၆၅ ဦး၏ စိုက်ဧက ၄၀၀ အတွက် ငွေကျပ်သန်း ၈၀ နှင့်ညီမျှသော သွင်းအားစုဓာတ်မြေဩဇာများကို မနောသုခစပါးများ စိုက်ပျိုးရန်အတွက် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်