Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၁

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို သတ်မှတ်နေရာများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိသူများသည် ယနေ့နံနက်ဒေသစံတော်ချိန် ၉ နာရီတွင် ဟန်ကျိုးမြို့ရှိ Fuyang Yinhu Sports Center ကွင်း၌ ကျင်းပသည့် မြားပစ်အားကစားနည်း ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ သီဟထက်ဇော်က မြားပစ် (အမျိုးသား) Recurve အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်ကစားသမား ၈၄ ဦး အနက် စုစုပေါင်းရမှတ် ၆၃၉ မှတ်ဖြင့် အဆင့် ၃၀ နှင့် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ပြည့်စုံနှင်းက မြားပစ်(အမျိုးသမီး) Recurve အားကစားနည်းတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ၈၄ ဦးအနက် စုစုပေါင်းရမှတ် ၅၇၈ မှတ်ဖြင့် အဆင့် ၆၃ ရရှိခဲ့ကြသည်။

ဒေသစံတော်ချိန် နံနက် ၉ နာရီတွင်ကျင်းပသည့် ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက လာအိုအသင်းကို နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသမီးလေးယောက်တွဲ ပြိုင်ပွဲတွင်ဗီယက်နမ်အသင်းက မြန်မာအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် မြန်မာအသင်းက ဂျပန်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အောက်တိုဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသားလေးယောက်တွဲပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း မွန်းလွဲ ၂ နာရီတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲအဖြစ် မွန်းလွဲ ၂ နာရီတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းနှင့် နံနက် ၉ နာရီတွင် မြားပစ်အားကစားနည်းမှ Recurve Mixed Team ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်