Skip to main content

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ မီဒီယာပူးပေါင်းဆောင်ရွက်ခြင်း အခမ်းအနားကျင်းပ

ဖနောင်ပင် စက်တင်ဘာ ၂၉

မဲခေါင်-လန်ချန်း မီဒီယာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အဖြစ် MLC သတင်းထောက်များအတွက် “မြစ်ကြောင်းမျှဝေ အနာဂတ်မျှဝေခြင်းနှင့် သတင်းမီဒီယာအခန်းကဏ္ဍမြှင့်တင်ခြင်းဆိုင်ရာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက က‌မ္ဘောဒီးယားနိုင်ငံ သီဟာနုပြည်နယ်ရှိ Sokha Beach Resort ၌ ကျင်းပသည်။

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်ရာတွင် အဖွဲ့ဝင်နိုင်ငံများမှ သတင်းမီဒီယာသမားများအားလုံး၏ ကဏ္ဍသည် အလွန်အရေးကြီးသည့်အတွက် ယခုကဲ့သို့ Shared River Shared future and the role of journalists အစီအစဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး Mr. Neth Pheaktra က မီဒီယာသည် အလွန်အရေးကြီးပြီး လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဒေသတွင်းအခြေအနေမှန်များကို ဖော်ပြနိုင်ပါကြောင်း၊ ရှေးရိုးမီဒီယာများအပြင် ယခုနောက်ပိုင်း၌ အွန်လိုင်းမီဒီယာများ တွင်ကျယ်လာသည့်အတွက် မီဒီယာများအားလုံး ကျင့်ဝတ်နှင့်အညီ ရေးသားကြရန် လိုအပ်ပါကြောင်း၊ မဲခေါင်-လန်ချန်း မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်   စာနယ်ဇင်းအတတ်ပညာ အရည်အသွေးတိုးတက်မြင့်မားရေးအတွက် ယခုအစီအစဉ်မှာ များစွာအထောက်အကူပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

ဆက်လက်၍   ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Wu Chuanbing နှင့်  ကမ္ဘောဒီးယားသတင်းအချက် အလက်နှင့် ရုပ်သံထုတ်လွှင့်မှု (INB) ၏ ညွှန်ကြား ရေးမှူးချုပ်  Mr. Phos Sovann ၊ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးချုပ်တို့က အသီးသီး အမှာစကားများ ပြောကြားသည်။

ထို့နောက် စာနယ်ဇင်းအတတ်ပညာများ ပံ့ပိုးမြှင့်တင်ခြင်းနှင့် အခက်အခဲများကိုကျော်လွှားခြင်း ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန အကြံပေးပါမောက္ခ Moeun Chhean ကလည်းကောင်း၊ သီဟာနုပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်  အနာဂတ်မျှော်မှန်းချက်များဆိုင်ရာ ခေါင်းစဉ်ဖြင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားလှယ်ကလည်းကောင်း တင်ပြဆွေးနွေးပြီး နိုင်ငံတကာမီဒီယာများ၊ ကမ္ဘောဒီးယားပြည်တွင်းမီဒီယာများနှင့် မဲခေါင်-လန်ချန်းနိုင်ငံများမှ သတင်းထောက်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ဖိတ်ကြားထားသည့် မီဒီယာများသည် ယင်းဒေသရှိ  စက်မှုဇုန်သို့ မီဒီယာလေ့လာရေး အစီအစဉ်အဖြစ် သွားရောက်ခဲ့ကြပြီး General Tires Technology ကုမ္ပဏီစက်ရုံ၌ အရည်အသွေး မြင့်မားသည့်  တာယာအမျိုးမျိုး အဆင့်မြင့် နည်းပညာ အသုံးပြုထုတ်လုပ်ပုံအဆင့်ဆင့်ကို ကြည့်ရှု လေ့လာကြသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေး၌ ထိုင်းနိုင်ငံက မဲခေါင်ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ကနဦးဆွေးနွေးမှုအပေါ် တရုတ်နိုင်ငံက ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု  အစီအစဉ်တစ်ရပ်ထူထောင်ရန် အဆိုပြုခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ကို နိုင်ငံရေးနှင့်လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်နှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင် စသည့်မဏ္ဍိုင်သုံးရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ခင်ရတနာ