Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း)၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး တက္ကသိုလ်(ရေဆင်း)၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်ပိုင်းက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်းစုဝေးခန်းမ၌ ကျင်းပရာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း) ဒုတိယပါမောက္ခချုပ် ဒေါက်တာရဲထွဋ်အောင်၊ ပါမောက္ခများ၊ ဆရာဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ ရေဆင်းဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးတက္ကသိုလ်(ရေဆင်း) ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်၍ လက်တွေ့ မဲပေးခြင်းများ ဆောင်ရွက်ကြသည်။

အခမ်းအနားများတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးကိုကို လွင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက မြန်မာ အီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသဆွေးနွေးပြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ရေဆင်းမှ ဆရာ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်း ၂၆၁ ဦး၊  စိုက်ပျိုးရေး တက္ကသိုလ်၊ ရေဆင်းမှ ဆရာဆရာမများနှင့် အရာထမ်း၊ အမှုထမ်း ၄၄၁ ဦးတို့က မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Myanmar Electronic Voting Machine (MEVM) နှင့်စပ်လျဉ်း၍ ပြည်သူအများ သိရှိနားလည်မှုမြင့်တက်စေရန်အတွက် မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းတစ်ရပ်အနေဖြင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများသို့ သွားရောက်၍ လက်တွေ့သရုပ် ပြရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် စမ်းသပ်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအနေဖြင့် အခက်အခဲမရှိ အလွယ်တကူ ဆန္ဒမဲပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိရသည်။ မဲပေးမှုနှင့် စပ်လျဉ်း၍ မျက်မြင်တွေ့ရှိရသည့်အတွက် စိတ်ချယုံကြည်မှုအပြည့်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ လက်တွေ့ ကျကျဆောင်ရွက်နိုင်ပြီး တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲများ ကျင်းပ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

သတင်းစဉ်