Skip to main content

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် MNDAA အဖွဲ့ဝင်များအား ကြိုဆိုလက်ခံပွဲ ပြုလုပ်

နေပြည်တော် စက်တင်ဘာ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို ကြိုဆိုလက်ခံလျက်ရှိပြီး MNDAA အဖွဲ့ဝင် ၂၈ ဦးသည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ကြရာ ပြန်လည်ကြိုဆိုလက်ခံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ ပြုလုပ်သည်။ 

ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် MNDAA အဖွဲ့ဝင်အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၈ ဦးတို့သည် ၎င်းနှင့်အတူပါလာသော လက်နက်ငယ်မျိုးစုံ ၁၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၂ ခု၊ ခဲယမ်းမျိုးစုံ ၂၁၇ တောင့်နှင့် လက်ပစ်ဗုံး ၅ လုံးတို့အား တာဝန်ရှိသူများထံအပ်နှံကြသည်။ ထို့နောက် တာဝန်ရှိသူများမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြရာ အလင်းဝင်ရောက်လာသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။