Skip to main content

မြေပုံမြို့ အခြေခံပညာအထက်တန်းကျောင်း(သဲတန်း)၌ လူငယ်စကားဝိုင်း ကျင်းပ

မြေပုံ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်မြေပုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက အ.ထ.က(သဲတန်း)ရှိ ပညာနေခြည်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အ.ထ.က(သဲတန်း)မှ ကျောင်းအုပ် ဆရာကြီးဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သီရိဟေမာန်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်နှင့်အောင်မြင်ရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဒေါ်ခင်သီရိဟေမာန်က ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး အမေရိကန် စိတ်ပညာပါမောက္ခဝီလျှမ်းဂျိမ်း(စ်)၏ လူသည်မိမိစိတ်သဘောထားကို မိမိပြောင်းလဲလိုက်ခြင်း အားဖြင့် ဘဝတစ်ခုလုံးကို အမှန်တကယ်ပြောင်းလဲနိုင်ကြောင်း၊ မြေတောင်မြှောက်ပေးခြင်း အကြောင်းအရာ၊ ဘဝကို အောင်မြင်စွာတည်ဆောက်နိုင်ရမည်နှင့် လူများအပေါ်ကောင်းကျိုး ပြုခြင်းမှတစ်ပါး အခြားမရှိကြောင်း၊ မာသာထရီဇာ၏ လူ့ဘဝဟူသော အကြောင်းအရာ အချက်အလက်တို့ကို အပြန်အလှန် ဆွေးနွေးကြသည်။ လူငယ်စကားဝိုင်းသို့ တက်ရောက်လာသူများကမိမိတို့ သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်သီရိဟေမာန် က ရှင်းလင်းဖြေကြားသည်။

ထို့နောက် အခမ်းအနားတွင် ခင်းကျင်းပြသထားသော လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ ပေးဓာတ်ပုံပြပွဲနှင့် စာအုပ်/စာစောင်ပြပွဲများကို တက်ရောက် လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)