ကော့သောင်း စက်တင်ဘာ ၂၈
တနင်္သာရီ တိုင်းဒေသကြီးကော့သောင်းခရိုင်အတွင်းရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းခွဲခန်းမ၌ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာကြစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ကော့သောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး ဦးတင်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-10 မှ မောင်ကျော်မင်းသူက လူငယ်နှင့်မူးယစ်ဆေးဝါး၊ မသန္တာအေးက လူငယ်နှင့်ကျန်းမာရေး၊ မောင်မြမှူးခင်က လူငယ်နှင့်အားကစား စသည့်အကြောင်းအရာများကို ဆွေးနွေးကြသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြရာသက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးပေးကြသည်။
ထို့နောက် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များပေးအပ်ကြသည်။
ထို့နောက် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသောကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)