Skip to main content

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အပတ်စဉ်(၂) နှင့် (၃) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ ဟိုတယ်သက်မွေးသင်တန်းကျောင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (အမှတ်စဉ်-၂)နှင့် (အမှတ်စဉ်-၃)၊ Supervisory Skills Training, Sales & Marketing Course သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့တွင် အဆိုပါဝန်ကြီးဌာန၌ကျင်းပသည်။

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်သက်မွေးသင်တန်းကျောင်းမှ သင်တန်းနည်းပြ ဆရာဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယခုသင်တန်းများသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိခဲ့သည့် ပညာရပ်များဖြင့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေး ကြိုးစားကြရမည်ဖြစ်ကြောင်း၊ သင်ကြားခဲ့ရသည့် စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချနိုင်ရေးနှင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုကဏ္ဍတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက သင်တန်းများဖွင့်လှစ်သင်ကြားခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းသားသင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များနှင့် နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက သင်တန်းနည်းပြ ဆရာဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား သင်တန်းသူများ ကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်