Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၈

အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များနှင့် အထက်တန်းအဆင့်ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရုံးအမှတ်(၂၁)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အဖွဲ့ဝင်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအသိပညာပေး ဆောင်ရွက်ရာတွင် ရည်ညွှန်းကိုးကားနိုင်ရန်နှင့် နည်းပညာတက္ကသိုလ်များ၊ ကောလိပ်များ၊ သိပ္ပံများနှင့်အထက်တန်းကျောင်းများတွင် ဆွေးနွေးသင်ကြားနိုင်ရန်ရည်ရွယ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု လျော့နည်းပပျောက်စေရေး ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုကိုမြှင့်တင်သည့် အပြုသဘောဆောင်သည့် နည်းလမ်းများကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေး ဆောင်ရွက်ရာတွင် လူငယ်များ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခွင့်အလမ်းကိုလည်း မြှင့်တင်ပေးသင့်ကြောင်း၊ လူငယ်များကိုအကျင့်ဖောက်ပြန်မှုဖြစ်သည့် အဂတိလိုက်စားမှု၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် စပ်လျဉ်း၍ နားလည်သဘော ပေါက်စေရန် လက်ဆင့်ကမ်းမျှဝေပေးဖို့လိုအပ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ကြိုတင်တားဆီးကာကွယ်ခြင်းသည် ထိရောက်သည့် လုပ်ငန်းစဉ်ဖြစ်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များကို ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင် ဖွဲ့စည်းခဲ့ပြီး ယင်းတို့၏ လုပ်ငန်းတာဝန်နှင့် အစီအစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက်ကော်မရှင်က လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက်ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ထံသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရည်ညွှန်းစာစောင်အုပ် ၆၀၀ ကို လွှဲပြောင်းပေးအပ်သည်။

အထောက်အကူပြုမည်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယနေ့လွှဲပြောင်းပေးအပ်သည့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များသည် ရည်ရွယ်ချက်ကောင်းများဖြင့် ပြုစုထုတ်ဝေခြင်း ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ အဂတိလိုက်စားမှုကင်းစင်ပြီး ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ကောင်းမွန်သည့် နိုင်ငံသားကောင်း ဖြစ်လာစေရေးကို အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို သက်ဆိုင်ရာတက္ကသိုလ်များသို့ ဆက်လက်ပေးပို့ဖြန့်ဝေပြီး တက္ကသိုလ်စာကြည့်တိုက်များတွင်ထားရှိကာ ကျောင်းသားများ ဖတ်ရှုလေ့လာစေ၍ အသိပညာပေးဆိုင်ရာ အခမ်းအနားများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်