Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် (သန်လျင်ခရိုင်) အတွင်း ပါတီဝင်အင်စားစာရင်းများ စစ်ဆေးမှုခံယူနေသည့် နိုင်ငံရေးပါတီမှ မြို့နယ်အဆင့်ပါတီတာဝန်ခံများ တွေ့ဆုံ

သန်လျင် စက်တင်ဘာ ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် (သန်လျင်ခရိုင်)အတွင်း ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေသည့် မှတ်ပုံတင်ခွင့်ပြုပြီး ပါတီသုံးပါတီမှ မြို့နယ်အဆင့် ပါတီတာဝန်ခံများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းက တက်ရောက်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော တိုင်းဒေသကြီး/ ခရိုင် / မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အတွင်းရေးမှူးများ၊ မြို့နယ်အဆင့် နိုင်ငံရေးပါတီတာဝန်ခံများက လုပ်ငန်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ပါတီတစ်ခုချင်းနှင့် သီးခြားစီ တွေ့ဆုံ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ထားသော ပါတီဝင်အင်အားစာရင်းနှင့် မြို့နယ်အဆင့်ပါတီမှ တင်ပြသည့်စာရင်းများတိုက်ဆိုင် စစ်ဆေးခြင်းကို ဆက်လက်ဆောင် ရွက်သည်။ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီမှ မြို့နယ်ဥက္ကဋ္ဌများ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)မှ အလုပ်အမှုဆောင်နှင့် သန်လျင်ခရိုင်အတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်