နေပြည်တော် စက်တင်ဘာ ၁၇
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မကွေးတိုင်းဒေသကြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေ၊ မန်းရေနံမြေနှင့် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) တို့ကို သွားရောက်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့စူးစမ်းရှာဖွေရန် တွင်းအမှတ် (၈၈၅) တူးဖော်မှုနှင့် စက်ရုံပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှလိုအပ်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အလားအလာအသစ်များ စူးစမ်းရှာဖွေကြရန်လိုအပ်သကဲ့သို့ လက်ရှိထုတ်လုပ်နေမှုကို ရေရှည်ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်မှ အားပေးဆောင်ရွက်နေသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာသစ်များ အသုံးပြု၍ ရှာဖွေဆောင်ရွက်ခြင်း၊ လုပ်ငန်းသုံးစက်ပစ္စည်းများအတွက် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဖြည့်ဆည်းရေး လေ့လာသုံးသပ်တင်ပြရန် လိုအပ်ကြောင်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများနှင့် ရေနံစိမ်းများကို လက်ခံသိုလှောင်ထားသော သံကန်တန်းများအား အဖျက်အမှောင့်လုပ်ငန်းများ မရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားပြီး တွင်းအမှတ် (၈၈၅) တူးဖော်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
စက်ရုံများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန်းရေနံမြေသို့ရောက်ရှိပြီး ထောက်ရှာပင်-ကမ်းနီ ရေနံမြေနှင့် မန်းရေနံမြေများမှ ထွက်ရှိသောရေနံစိမ်းကို ရေနံချက်စက်ရုံ၏ ကုန်ကြမ်းအဖြစ်လည်းကောင်း၊ မန်းရေနံမြေမှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) မှ ကုန်ကြမ်းအဖြစ်လည်းကောင်း၊ အသုံးပြုလည်ပတ်သဖြင့် စက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးရေး အင်ပြည့်အားပြည့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရေနံမြေစုပေါင်းခန်းမတွင် ရေနံမြေဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေး ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
စစ်ဆေးပြင်ဆင်ထားကြရန် လိုအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) သို့ ရောက်ရှိပြီး စက်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် Procedure နှင့် Guiedline များအတိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်ကြံ့ခိုင်ကောင်းမွန်စေရေး ဆောင်ရွက်နေစဉ်ကာလအတွင်း Control system အပိုင်းကိုလည်း စစ်ဆေးပြင်ဆင်ထားကြရန် လိုအပ်ကြောင်း၊ စက်ရုံပြန်လည်လည်ပတ်ပါက စက်စွမ်းအားပြည့်လည်ပတ် ထုတ်လုပ်နိုင်ရန် အရေးကြီးပါကြောင်း၊ စက်ရုံမှထွက်ရှိသော ရေနံဓာတ်ငွေ့ရည်ကို ပြည်သူများသို့ သက်သာလွယ်ကူစွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် စီမံချက်များရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
မကွေးတိုင်းဒေသကြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေ၊ မန်းရေနံမြေတို့မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့စွမ်းအင် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) မှ ထုတ်လုပ်သော ရေနံဓာတ်ငွေ့ရည်ကို ပြည်သူများသို့ သက်သာလွယ်ကူစွာ ဖြန့်ဖြူးပေးနိုင်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်