နေပြည်တော် စက်တင်ဘာ ၁၇
အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် အကြိမ် (၂၀) မြောက် တရုတ် - အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနန်နင်းမြို့တွင်ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်မစ္စတာလီချန်း၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်၊ အင်ဒိုနီးရှားနိုင်ငံဒုတိယသမ္မတ၊ စင်ကာပူနိုင်ငံကုန်သွယ်မှုနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး၊ ဘရူနိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး၊ ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ တီမောလက်စ်တေနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။
အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးလာစေရေး
အဆိုပါ အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် အကြိမ် (၂၀) မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးတို့ကို “ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးလာစေရေးမြှင့်တင်ခြင်းနှင့် ကြီးထွားမှုဗဟိုချက်အသစ်ကို ပြုစုပျိုးထောင်ပေးခြင်းတို့ဖြင့် အတူမျှဝေခံစားသည့် အနာဂတ်နှင့် ဟန်ချက်ညီမျှသည့် နေရာတစ်ခုဖြစ်လာစေရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြပါစို့” ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့် အရာရှိကြီးများလည်း တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဟွမ်ကျွမ့်ဟွာနှင့်အတူ အကြိမ် (၂၀) မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲတွင် ခင်းကျင်းပြသလျက်ရှိသည့် မြန်မာလုပ်ငန်းရှင်များ၏ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ပြပွဲ၌မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း ထွက်ကုန်ပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့် လက်ဝတ်လက်စားများကို ပါဝင်ခင်းကျင်း ပြသလျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော်ဝန်၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ မြန်မာသံအမတ်ကြီးနှင့် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ဟွမ်ကျွမ့်ဟွာတို့သည် မြန်မာအမျိုးသားပြခန်းဆောင်သို့ ဆက်လက်သွားရောက်၍ ပြခန်းဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှုသည်။ ထို့နောက် မြန်မာပြခန်းဆောင်တွင် နှစ်လိုဖွယ်ရာမြို့အဖြစ် ရွေးချယ်ထားသော မန္တလေးမြို့ပတ်ဝန်းကျင်ဒေသ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်၊ ခရီးသွားဇုန်၊ အိမ်ရာတည်ဆောက်ရေး စီမံကိန်းများ အထူးပြုပြသထားမှုကို အားပေးကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Liyuan Resort ၊ International Conference Center တွင် ကျင်းပသည့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် ဆက်စပ်ကျင်းပသည့် အဓိကအစီအစဉ်ဖြစ်သော Institutional Opening-up for New Economic Growth အစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကော်မတီအတွင်း ရေးမှူး၊ ကွမ်ရှီးပြည်နယ်အုပ်ချုပ်ရေးမှူး၊ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊ စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးတို့နှင့်အတူ တက်ရောက်ခဲ့ကြသည်။
ရင်းနှီးစွာဆွေးနွေး
အဆိုပါ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကြီးအကဲများ၊ သုတေသီများနှင့် ပညာရှင်များ၊ စီးပွားရေးဦးဆောင်သူများက ဒေသတွင်းစီးပွားရေး အရှိန်အဟုန်သစ်ဖြင့် ဖွံ့ဖြိုးလာစေရန် ဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများ၊ စီမံခန့်ခွဲမှုများ၊ စံချိန်စံညွှန်းများ၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့နောက် တရုတ်-အာဆီယံ စံချိန်စံညွှန်း ဗဟိုဌာနထူထောင်ဖွင့်လှစ်ခြင်း အစီအစဉ်ကိုလည်း ကြေညာဆောင်ရွက်သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်သတင်းဌာနများဖြစ်သည့် People’s Daily ၊ CGTN ၊ China Media Group ၊ China News Service ၊ Guangxi Daily ၊ Guangxi Radio and Television ၊ Nanning Daily နှင့် Nanning Radio and Television ရုပ်သံဌာနတို့အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တရုတ် - အာဆီယံ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်မျှော်မှန်းချက်များနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ဝန်ကြီးချုပ် မစ္စတာလီချန်းက တည်ခင်းဧည့်ခံခဲ့သော တရုတ် - အာဆီယံ ကုန်စည်ပြပွဲ အကြိုဂုဏ်ပြုညစာစားပွဲသို့ အခြားအာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။
အခွင့်အလမ်းကောင်းများတိုးတက်
တရုတ် - အာဆီယံ ကုန်စည်ပြပွဲများနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးများကို ၂၀၀၄ ခုနှစ်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ အကြိမ် (၂၀) မြောက်ပြီဖြစ်ကာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများ တိုးတက်ထွန်းကားလာလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်