နေပြည်တော် စက်တင်ဘာ ၁၁
အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များပူးပေါင်းပြီး သတ်မှတ်ရက်များအလိုက် မြို့ပေါ်ရပ်ကွက်ကြီးများနှင့် ကျေးရွာများတွင် လှည့်လည်ရောင်းချလျက်ရှိပါသည်။ ထိုသို့ရောင်းချလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့ပေါ်ရှိ ဈေးများ၊ ရပ်ကွက်များအတွင်းတွင် တန်းစီစရာမလိုသည့် အိမ်တိုင်ရာရောက်စနစ်( Door To Door) စနစ်ဖြင့်ရောင်းချပေးလျက်ရှိတဲ့အပြင် တိုင်းဒေသကြီးအသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မုံရွာမြို့ဆန်ကုန်သည်များအသင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်ရောင်းချ သူများအသင်း၊ သားငါးကြက်ဥမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်းပြီး အခြေခံစားသောက်ကုန်များအား အပတ်စဉ်စနေနေ့တိုင်း မုံရွာမြို့၊ ပြည်ထောင်စုဈေးကြီးတွင် ရောင်းချပေးလျက်ရှိပါသည်။ ထို့အတူ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ပေါ်ရှိ ရပ်ကွက်(၇)ရပ်ကွက်တွင် နေထိုင်လျက်ရှိသည့် ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အိမ်ထောင်စု(၁)စုလျှင် ဆီ(၁)ပိဿာ ရောင်းချပေးလျက်ရှိပြီး ဆီပိဿာချိန်(၂၂၀၀) ရောင်းချပေးလျက်ရှိပြီး အခြေခံစားသောက်ကုန်များကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် အပတ်စဉ် ကြာသာပတေးနေ့တိုင်း ရောင်းချပေးလျက်ရှိပါသည်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှလည်း မြို့မမြောက်ရပ်ကွက်ရှိ ပြည်သူများသို့ လူတစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာ လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး နှစ်ရက်ကြာရောင်းချပေးလျက်ရှိသည်။ ထို့အတူ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဆီကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များပူးပေါင်းပြီး သတ်မှတ်ရက်များအလိုက် မြို့ပေါ်ရပ်ကွက်ကြီးများနှင့် ကျေးရွာများတွင် ရောင်းချပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာအသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်)ရုံးတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဝန်ထမ်းများသက်သာချောင်ချိစေရန် သက်သာသည့်ဈေးနှုန်းဖြင့် စားအုန်းဆီများကို ဆီပိဿာ(၅၅၀)ကို ရောင်းချပေးခဲ့ပါသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၄) ရပ်ကွက် “မြတ်ဘုန်းသူ” ဆန်စက်မှပခန်းဆန် တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင်ဆန် ၂ ပြည် နှုန်း ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းစဉ်