Skip to main content

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃)ကျင်းပပြုလုပ်

နေပြည်တော် စက်တင်ဘာ ၁၁

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သောဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ Online မှ တစ်ဆင့် တက်ရောက်ကြသောအဖွဲ့ဝင်များ စုစုပေါင်း(၄၇)ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးအား အစီအစဉ်(၉)ရပ်ဖြင့်ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ချမှတ်ထားသော လုပ်ငန်းတာဝန်(၂၁)ရပ်အပြင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၆)၏ ဒုတိယနှစ်ဖြစ်သည့် ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များတစ်ပြိုင်တည်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို ဌာနဆိုင်ရာများအကြားချိတ်ဆက်ပြီး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်များအပေါ်မူတည်ကာ ရာနှုန်းပြည့်မီအောင် ဆောင်ရွက်သွားကြရန်၊ ဒေသတွင်းနှင့်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊

လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး အကောင်အထည်ဖော်လျက်ရှိရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးသည် မိမိတို့၏လုပ်ငန်းတာဝန်များအပြင် သက်ဆိုင်ရာလုပ်ငန်းကော်မတီ အဆင့်ဆင့်အနေဖြင့် ရပ်ကွက်၊ ကျေးရွာများအထိ ထိတွေ့ဆွေးနွေးတိုင်ပင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မိမိတို့ဆောင်ရွက်ပြီးခဲ့သော လုပ်ငန်းများကို ပြန်လည်သုံးသပ်ပြီး ပြောင်းလဲလာသည့် လူကုန်ကူးမှုပုံစံများကို လေ့လာအကဲဖြတ်နိုင်မှသာ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ချဉ်းကပ်ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း၊

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ လူမှုကွန်ရက်အပါအဝင် နည်းပညာများကို အလွဲသုံးပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးမှုများရှိနေပါကြောင်း၊ လူကုန်ကူးမှုအပါအဝင် ပြစ်မှုကျူးလွန်သူများသည် Online မှတစ်ဆင့် ကျူးလွန်လာကြသည်ကို တွေ့မြင်နေရကြောင်း၊ မြန်မာနိုင်ငံသည် Online ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုဖြစ်စဉ်များတွင် အဓမ္မစေခိုင်းမှုများကို လတ်တလောရင်ဆိုင်ကြုံတွေ့နေရပြီး အခြားနိုင်ငံသားများလည်း အဆိုပါဖြစ်စဉ်များတွင် ပါဝင်လာသည့်အတွက် တားဆီးထိန်းချုပ်နိုင်ရန် အလေးအနက်ထားဆောင်ရွက်ရန်လိုကြောင်း၊

မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဒေသများမှ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရသော နိုင်ငံခြားသားများအား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာသံရုံးများနှင့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ဆက်သွယ်မှု လမ်းကြောင်းတို့မှတစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့်ပတ်သက်၍လည်း ကယ်တင်ရရှိသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊

နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လူကုန်ကူးမှု၊ အတင်းအဓမ္မစေခိုင်းမှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများနှင့်စပ်လျဉ်းပြီး ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးတွင် သဘောတူညီမှုများအရ မြန်မာ-တရုတ်-ထိုင်း(၃) နိုင်ငံအကြားစစ်ဆင်ရေးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အခြေပြုဆောင်ရွက်ခဲ့ပြီး Online ငွေကြေးလိမ်လည်သည့်လုပ်ငန်း (Online Scam) လုပ်ကိုင်နေမှုများနှင့်ပတ်သက်ပြီး စစ်ဆေးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် အင်တာပိုလ်(INTERPOL)နှင့် အာဖရိကရဲအဖွဲ့(AFRIPOL)တို့ အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ် (Operation FLASH –WEKA)တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊

သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုတွေကို ပြန်လည်သုံးသပ်အကဲဖြတ်ရန် လိုအပ်မှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် (၅)နှစ်စီမံကိန်းများချမှတ်ပြီး မျှော်မှန်းရလဒ် ပြည့်မီအောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အောင်မြင်မှုအကျိုးရလဒ်တစ်ခုရသည်အထိ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နှစ်စဉ်ရေးဆွဲသည့် လုပ်ငန်းစီမံချက်များအား ကြည့်လျှင် ၂၀၂၂ ခုနှစ်အတွင်းမှာ လုပ်ငန်းစီမံချက်တစ်ခုလုံး၏ ၈၆ % သာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် လုပ်ငန်းစီမံချက် လုပ်ငန်းစဉ်အားလုံးကို ရာနှုန်းပြည့်အောင် ဆောင်ရွက်နိုင်ရေးနှင့် အကျိုးရလဒ်ရရှိသည်အထိ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများအကြား အလေးထားညှိနှိုင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ယခုလာမည့် ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များအပြင် လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းမည့်နည်းလမ်းများကို ထည့်သွင်းရေးဆွဲသွားကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဝင်များမှ လူကုန်ကူးမှုတားဆီးကာကွယ် တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို အကြံပြုဆွေးနွေးခဲ့ခြင်း၊ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ခြုံငုံသုံးသပ်ဆွေးနွေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ရာ မြန်မာနိုင်ငံတွင် ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုပုံစံသစ်များကို တိုက်ဖျက်ရာ၌ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို အကောင်းဆုံးဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အဖွဲ့ဝင်များအနေဖြင့် အကျိုးရလဒ်များ ထွက်ပေါ်လာသည်အထိ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်