နေပြည်တော် စက်တင်ဘာ ၁၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးတို့နှင့်အတူ ချမ်းမြသာစည်မြို့နယ် မန္တလေးဇီဝိတဒါနသံဃာ့ဆေးရုံကြီး အဆောင်(၈)၌ ကျင်းပသည့် ငွေပဒေသာပင်စိုက်ထူခြင်း အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနား၌ ဓမ္မဓရဝါဆိုသာမဏေကျော် ပရိယတ္တိစာသင်တိုက် စာချနာယကတိုက်အုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဣန္ဒာသဖထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညို၍ ဆရာတော်အရှင်သူမြတ်တို့အား ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌတို့က လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇီဝိတဒါနသံဃာ့ဆေးရုံကြီးအတွက် ဆေးပဒေသာပင် (ငွေကျပ် နှစ်ဆယ်သိန်း ငါးသောင်း)နှင့် သီးခြားအလှူရှင်များဖြစ်သော မန္တလေးမြို့ ဦးမျိုးသိန်း+ဒေါ်တင်တင်ဆွေမျိုးသိန်းအီလက်ထရောနစ် မိသားစုတို့က Oxygen Concentrator စက်(၄)လုံးတို့ကို ပေးအပ်လှူဒါန်းရာ ဆေးရုံကြီးစီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌဦးမြဝင်းက လက်ခံသည်။
ထို့နောက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒာသဖထံမှ အနုမောဒနာနှင့် ရေစက်ချတရားများ နာယူကြည်ညိုကြပြီး ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး စီမံခန့်ခွဲရေးဗဟိုကော်မတီများနှင့်တွေ့ဆုံရာ စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးမြဝင်းက ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(ငြိမ်း) ဦးမောင်ကိုက ထပ်ဆင့်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အမှာစကားများပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက ဂိလာနသံဃာဆောင်သို့သွားရောက်ကာ ဆေးရုံတက်ရောက်ကုသနေသော သံဃာတော်(၂၈)ပါး၊ သီလရှင်(၂)ပါးတို့ကို ဆေးပစ္စည်းနဝကမ္မအတွက် အလှူငွေများဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့အမျိုးသားဇာတ်ရုံတွင် ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၁၇)ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင်တင်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် ပန်းချီပညာဌာနတွင် ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ်ကျောင်းသား ကျောင်းသူများ၏ ဆီဆေး၊ ရေဆေး၊ Acrylic တို့ဖြင့် ရေးဆွဲထားသည့် ပန်းချီကားများ၊ ဒီပလိုမာတန်း ကျောင်းသား၊ ကျောင်းသူများ၊ မဟာဝိဇ္ဇာတန်း ကျောင်းသား ကျောင်းသူများရေးဆွဲထားသည့် ပန်းချီလက်ရာများနှင့် ပန်းပုပညာဌာန စတုတ္ထနှစ်ကျောင်းသားများက ပလာစတာ၊ အင်္ဂတေ၊ ဖိုက်ဘာတို့ဖြင့် ပုံဖော်ထုဆစ်ထားသည့် ပန်းပုလက်ရာများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် အမျိုးသားဇာတ်ရုံအတွင်း ဆက်လက်ကျင်းပသည့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနများမှ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်ပြတင်ဆက်မှုအစီအစဉ်များကို ဆက်လက်အားပေးကြည့်ရှုကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်