Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့ရှိ ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များနှင့်တွေ့ဆုံ၊ ပရဟိတဂေဟာ(အံတော်ရှင်)မှ ကျောင်းသားများအား ထောက်ပံ့

မြစ်ကြီးနား စက်တင်ဘာ ၁၀

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန်ကသီဒြယ် ကတ်သလစ်အသင်းတော် ဘုရားကျောင်း၌ ခရစ်ယာန်အသင်းတော်အသီးသီးမှ ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးရရှိရေးအပြင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းနှင့် သာသနာရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိန်ကိုလန်ဘန်ကတ်သလစ်အသင်းတော်၊ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီ(MCC)၊ စီတာပူနှစ်ခြင်းအသင်းတော်၊ လော်ဝေါ်နှစ်ခြင်းအသင်းတော်၊ လီဆူနှစ်ခြင်းအသင်းတော်၊ လွတ်လပ်သောတိုင်းရင်း ခရစ်ယာန်အသင်းတော်နှင့် ခရစ်တော်၏ တပည့်တော်များအသင်းတော်တို့အတွက် အလှူငွေများနှင့် လက်ဆောင်ခြင်းများ ပေးအပ်လှူဒါန်းကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် တောင်တန်းသာသနာပြု အံတော်ရှင်‌ကျောင်းတိုက်၌ မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်/ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေတုမာလာ အမှူးပြုသော ဆရာတော် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေနှင့် ဆန်(၂၇) အိတ်၊ ဆီ ၁၀ ပုံးတို့ကို ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။

ထို့နောက် အဆိုပါကျောင်းတိုက်အတွင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ပရဟိတဂေဟာ(အံတော်ရှင်)က စောင့်ရှောက်ထားသော ကျောင်းသား ကျောင်းသူများ၊ ကလေးငယ်များနှင့် တွေ့ဆုံပြီး ကျောင်းသားကလေးငယ် ၃၄ ဦးတို့အတွက် ဆန်းဖိုးငွေ၊ စားစရိတ်အပြင် ဂေဟာမှူးလစာတို့အတွက် စုစုပေါင်းငွေကျပ် ၅၃၅၈၀၀၀ ကို ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်အတွင်းရှိ ဖူဆယ်ကလပ်ပေါင်း(၃၄)သင်း ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် YFT FC ကလပ်အသင်းနှင့် နောင်ရာ FC ကလပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပြိုင်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ များကို ပေးအပ်ချီးမြှင့်ကြပြီး  ပြည်နယ်ဖူဆယ်ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌက ပြိုင်ပွဲဖြစ် မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသူများနှင့် အသင်းအဖွဲ့များအတွက် အမှတ်တရကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံး အတိုးတက်ဆုံး ကစားသမားဆုနှင့် ဂိုးသမားအကောင်းဆုံးဆုများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက ပွဲစဉ်တစ်လျှောက် အသန့်ရှင်းဆုံးဘောလုံးအသင်းဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယဆုရ နောင်ရာ FC အသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ပထမဆုရ YFT FC အသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း ၂၀ နှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ပြည်နယ်၏ ဖူဆယ်အားကစားတိုးတက် မြင့်မားလာစေရေးနှင့် လူငယ်ကစားသမားများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်၍ YFT FC ဖူဆယ်အသင်းသစ် မိတ်ဆက်ပွဲနှင့် အမျိုးသားအလွတ်တန်းဖူဆယ်ပြိုင်ပွဲအဖြစ် စက်တင်ဘာ ၁ ရက်မှ အသင်းပေါင်း ၃၄ သင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)