Skip to main content

၂၀၂၃ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၈

၂၀၂၃ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း ဆိုင်ရာပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွှယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေ နီအသင်းဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အချိန်ပြည့်နှင့် အချိန်ပိုင်း အလုပ် အမှုဆောင်များ၊ ကြက်ခြေနီဗဟို ကောင်စီဝင်များ၊ အထွေထွေ အတွင်းရေးမှူး၊ ဒုတိယအထွေထွေ အတွင်းရေးမှူးနှင့် ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်း များ ဖက်ဒရေးရှင်းနှင့် မိတ်ဖက် အမျိုးသား ကြက်ခြေနီအသင်း များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ၊ လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ထူးချွန် ဆုရရှိသူများနှင့် ကြက်ခြေနီ စေတနာလုပ်အားရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုနှစ်တွင် အောင်မြင်မှုများရခဲ့ကြသည့် ကြက်ခြေနီစေတနာ လုပ်အားရှင်များအနေဖြင့်လည်း နောင်နှစ်များတွင် ယခုကဲ့သို့ အောင်မြင်မှုများ ဆက်လက်ရရှိအောင် ကြိုးစားသွားကြရမည်ဖြစ်သကဲ့သို့ ထိခိုက်ဒဏ်ရာရရှိသူများကို ထိရောက်ကျွမ်းကျင်စွာ ပြုစုပေးနိုင်ရန်အတွက် အမြဲကြိုတင် လေ့ကျင့်ပြင်ဆင်ထားခြင်းဖြင့် နိုင်ငံတော်၏ လူမှုကရုဏာလုပ်ငန်းများတွင် အတူလက်တွဲကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ လူမှုကရုဏာဆိုင်ရာ အကူအညီလိုအပ်သည့် ပြည်သူ လူထုအတွက် ကြက်ခြေနီအသင်းအနေဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့်ပူးပေါင်း၍ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်အောင် တစ်ဖက်တစ်လမ်းက ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ကမ္ဘာ့ရှေးဦး ပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်း အနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ရှေးဦး ပြုစုခြင်းဆိုင်ရာ လှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို ပြသသည်။

ယင်းနောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ထူးချွန်ဆုများကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ရှေးဦးပြုစုခြင်းအကြိမ်ရေ အများဆုံးကူညီဆောင်ရွက်ပေးနိုင်သည့် မြို့နယ် ကြက်ခြေနီအသင်းခွဲဆုများကို ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ခင်းကျင်းပြသထားသော အထိမ်းအမှတ်ပြခန်းငယ်ကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် အခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်း များ ဖက်ဒရေးရှင်းမှ Head of Delegation Ms.Nadia Khoury နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Deputy Health Coordinator Ms. Rose Caroline OCHIENG တို့က နှုတ်ခွန်းဆက်စကားပြောကြား ကြသည်။

ထို့နောက် ဆောင်းပါး (မြန်မာ၊ အင်္ဂလိပ်)၊ ကဗျာ၊ ဉာဏ်စမ်းပြိုင်ပွဲ ဆုရရှိသူများ၊ ရှေးဦးပြုစုခြင်း သင်တန်းအကြိမ်ရေအများဆုံး ဖွင့်လှစ်နိုင်သည့် မြို့နယ်ကြက်ခြေ နီအသင်းခွဲများနှင့် ရှေးဦးပြုစု ခြင်းဖြင့် စွမ်းစွမ်းတမံကူညီဆောင်ရွက်ခဲ့သူများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

ကမ္ဘာ့နိုင်ငံများတွင် နှစ်တစ်နှစ်၏ စက်တင်ဘာဒုတိယပတ် စနေနေ့ကို ကမ္ဘာ့ရှေးဦးပြုစုခြင်း နေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်အခမ်းအနားများကို နိုင်ငံတိုင်းတွင် နှစ်စဉ်ကျင်းပလျက် ရှိရာ ယခုနှစ် ကမ္ဘာ့ရှေးဦးပြုစု ခြင်းနေ့ဆောင်ပုဒ်မှာ “FIRST AID IN THE DIGITAL WORLD” “ဒစ်ဂျစ်တယ်ကမ္ဘာထဲက ရှေးဦး ပြုစုနည်းပညာ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်