နေပြည်တော် စက်တင်ဘာ ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ရေဆင်းဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက် ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Myanmar Electronic Voting Machine (MEVM) နှင့်စပ်လျဉ်း၍ ပြည်သူအများသိရှိနားလည်မှု မြင့်တက်စေရန် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသို့ သွားရောက်၍ လက်တွေ့သရုပ်ပြ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် စမ်းသပ်မဲပေးခဲ့ ကြသည့် မဲဆန္ဒရှင်များအနေဖြင့် အခက်အခဲမရှိ အလွယ်တကူ ဆန္ဒမဲပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိရသည်။
မဲပေးမှုနှင့်စပ်လျဉ်း၍ မျက်မြင်တွေ့ရှိရသည့် အတွက် စိတ်ချယုံကြည်မှုအပြည့်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ လက်တွေ့ကျကျဆောင်ရွက်နိုင်ပြီး တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲများ ကျင်းပဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
ယနေ့ ကျင်းပသည့် ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲသို့ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် အရာထမ်း၊ အမှုထမ်း ၃၆၆ ဦး တက်ရောက်ခဲ့ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်