နေပြည်တော် စက်တင်ဘာ ၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဝန်ထမ်းများအား ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း UN-CAC (United Nations Conven-tion Against Corruption) ပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သိရှိနားလည်စေရန်ရည်ရွယ်၍ Knowledge Sharing အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်ရှိ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှန်ကန်စွာဆောင်ရွက်နိုင်ရန် UNCAC ပါ ပြဋ္ဌာန်းချက်များကို သေချာစွာသိရှိနားလည်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်စပ်လျဉ်း၍ သိရှိနားလည်မှသာ မိမိနိုင်ငံ၏ စံနှုန်းများနှင့်နှိုင်းယှဉ်၍ ပြင်ဆင်သင့်သည့်အချက်များကို ပြန်လည်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင်လည်း ခိုင်လုံသည့် အချက်အလက်အထောက်အထားများကို အခြေခံရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေးတင်ပြမည့်အချက်များနှင့်စပ်လျဉ်း၍ သေချာစွာလေ့လာ မှတ်သားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက UNCAC ပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကာ ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြသည်။
အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်းများ တက်ရောက်ခဲ့ကြပြီး ကော်မရှင်ရုံးခွဲမှ အရာထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်