Skip to main content

မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဥပုသ်သီတင်းရက် မြင်ကွင်း

နေပြည်တော် ဩဂုတ် ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်လက်ရာ ဗုဒ္ဓဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို အများပြည်သူများ ဖူးမြော် ကြည်ညိုနိုင်စေရန်ဖွင့်လှစ်ခဲ့ရာ ယနေ့သည်ဒုတိယမြောက်နေ့ၐဖြစ်သကဲ့သို့ ဝါတွင်းကာလ ဒုတိယမြောက် ဥပုသ်သီတင်းရက် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက် (ဥပုသ်နေ့) လည်းဖြစ်သည်။

ထိုကဲ့သို့သော အခါသမယတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထံသို့ ဖူးမြော်ကြည်ညိုသဒ္ဓါ ပွားလျက်ရှိ ကြသူများကိုလည်း သဒ္ဓါပီတိဖြစ်စွာတွေ့ကြုံခဲ့ရသည်။

စီစဉ်ထားရှိ

ယနေ့တွင် ညဉ့်ဦးပိုင်းမှနံနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း မိုးလင်းချိန်တွင် နေရောင်မခရုံအုံ့မှိုင်းလျက်ရှိသော မိုးသားကိုတွေ့ရသည်။ စေတီတော်အဝင်လမ်းတစ်လျှောက် လမ်းဘေးဝဲယာတွင် ရပ်ဝေးမှလာသော ခရီးသွားယာဉ်များကို ကြီးငယ်လတ်စုံစွာ ဖြတ်သန်းလျက် အချို့လည်း မောင်းနှင်၊ အချို့လည်း လမ်းဘေးဝဲယာတွင် အနားယူနေကြသည်။ ရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ ဗုဒ္ဓပရိဝုဏ်မုခ်ဦးရှေ့၏ ဝဲ၊ ယာတို့တွင်လည်း ယာဉ်ရပ်နားရန် နေရာရှာနေကြသော ဘုရားဖူးယာဉ်များအားတာဝန်ရှိသူများက လွတ်လပ်ရာနေရာများကို ညွှန်ပြလျက်။ အဝင်လမ်းကိုဝင်ရောက်မည့် ဘုရားဖူးပရိသတ်များကိုလည်း ဘောပင်၊ မီးခြစ်၊ ကွမ်းယာထုပ်အစရှိသည့် ဗုဒ္ဓပရိဝုဏ်ညစ်ညမ်းစေမည့် ပစ္စည်းများယူဆောင်ခြင်းမပြုရန် ဆော်ဩ နေသည်များလည်း တွေ့ရသည်။ အဝင်ဂိတ်မှ ဖြတ်ကျော်ပြီးလျှင် ခြေကျင်ခရီးမသွားနိုင်သူ၊ မသွား ချင်သူများအတွက် မော်တော်ယာဉ်လေးများ စီစဉ်ထားရှိသည်။

အများစုသော ဘုရားဖူးပရိသတ်များကတော့ လမ်းလျှောက်ရင်း လမ်းဘေးဝဲယာမှ ရောင်စုံပန်းအလှများ၊ ခံ့ညားဝင့်ထည်သော သာသနိကအဆောက်အအုံများကို တစိမ့်စိမ့်ကြည့်ရင်းဓာတ်ပုံမှတ်တမ်းများ၊ အလှဓာတ်ပုံများရိုက်ကူးကာ ပျော်ရွှင်တက်ကြွစွာကြည်ညိုကုသိုလ် သဒ္ဓါပွားကြသည်။ သုဓမ္မာဇရပ်များအနီးတွင် မင်္ဂလာကန်နှင့် နဂါးရုံဘုရားကို တွေ့မြင်ရသည်။ ဖူးမြော်ကြည်ညို သူများ၊ လေ့လာသူများမှာလည်း လေအဝေ့တွင်ပါလာသော မိုးစက်မှုန်များကို အမှုမထားတသောသော ဝင်ရောက်လျက်၊ တချို့သောသက်ကြီးဘုရားဖူးများကို ဝှီးချဲဖြင့်သားသမီးများက တွန်းလျက်၊ ဝှီးချဲပေါ်မှ အဘိုးအဘွားတို့ကလည်း လက်အုပ်လေးတချီချီ ဖြင့် ပီတိသဒ္ဓါ ကြည်နူးဖြာလျက် ရှိသော မြင်ကွင်းကို ရုပ်ပွားတော် စံပါယ်ကိန်းဝပ်ရာရင်ပြင်သို့အဝင်လမ်းတွင် တွေ့မြင်ရသည်။

ရင်ပြင်တော်ပေါ်သို့ အတက်လှေကားထစ်များမှာ မများလှပါ။ ပြေပြစ်မှုလည်းရှိသည်။ သို့သော် အဝင်မုခ်ဦးမှလမ်းလျှောက်လျက် ကြည်ညိုကုသိုလ်ယူသူ များထဲမှမောပန်းနွမ်းနယ်သူများ ရှိပါက သက်သောင့်သက်သာ တက်ရောက်နိုင်ရန် စက်လှေကားစီစဉ်ထားရှိသည်။ ဘကြီး၊ ဘထွေး၊ ဒေါ်လေး၊ ကြီးတော်တို့နှင့်ကလေးငယ်များ စက်လှေကားမှရင်ပြင်တော်အရောက် ပျော်ရွှင်စွာတက်ရောက်ကြသည်။

မာရဝိဇယ ဘွဲ့အမည်တော်ရ ကျောက်ဆစ်ဗုဒ္ဓဆင်းတုတော် မြတ်ကြီးကို မော်တော်ယာဉ်ပေါ်မှဖူးတွေ့ရစဉ် ကြီးမားလိုက်တာဟု ယေဘုယျမြင်ရသည်။ မုခ်ဦးကိုဖြတ်ကျော်၍ ရင်ပြင်တော်သို့ ရှေးရှုရာလမ်းပေါ်မှဖူးမြင်ရသောအခါ ပို၍လေးနက်သော၊ ပို၍ကြည်ညိုသောခံစားမှုကိုရသည်။ ရင်ပြင်တော်ပေါ်သို့ ရောက်ချိန်တွင် အဆီးအတားမရှိပွင့်လင်းသော ကောင်းကင်ကို နောက်ခံထားလျက် ကြည်ညိုဖွယ်ကောင်းသော၊ ဗုဒ္ဓဂုဏ်တော်လက္ခဏာနှင့် ပြည့်စုံသော ဆင်းတုတော်မြတ်ကြီးကို ဖူးမြင်ရချိန်တွင် ဗုဒ္ဓဂုဏ်တော်၏ ငြိမ်းချမ်းခြင်း၊ လုံခြုံခြင်းနှင့် ဘဝအမောတို့မှ သက်သာရာရရှိခြင်းအစရှိသော လက္ခဏာတို့အပြင် သဒ္ဓါကြည်ညိုခြင်းပီတိ အဟုန်တို့ကို ခံစားရသည်ဖြစ်ရာဘုရားဖူးသံဃာတော်၊ သီလရှင်ဆရာကြီး ဆရာလေးများ၏ ဗုဒ္ဓဂုဏ်တော်ချီးမွမ်းသံများ၊ လူလတ်လူကြီးအရွယ်ကျား၊ မပုဂ္ဂိုလ်တို့၏ ညွတ်နူးသော၊ ကြည်ညိုသော တီးတိုးရွတ်ဆိုသံ များက ပျံ့လွင့်လျက်ရှိသည်။ ငယ်ရွယ်သောလူငယ်မောင်မယ် များတို့သည်လည်း ဘုရားအရင်ရှိခိုးမယ်။ ပြီးမှ ဆယ်ဖီဆွဲမယ်ဟူသောအသံ၊ မဆွဲတော့ဘူး၊ ဒီခေါင်းလောင်းကြီးနားမှာ ထိုင်ပြီး ရုပ်ပွားတော်မြတ်ကြီးကို ကြည်ညိုဦးခိုက်မယ် ဆိုသောအသံ၊ ထိုထိုသောလူငယ်များ၏ အသံကိုလည်းကြားရပြီး တို့ကလေးတွေဘာသာတရား ကိုင်းရှိုင်းတဲ့စိတ်ဓာတ်တွေရှိကြ တယ်ဆိုသောအသိနှင့် အားရှိခဲ့ရ သည်။

မိုးမှုန်လေးများ ရပ်တန့်သွားသော်လည်း အာရုံခံနတ်လမ်းထဲတွင် လက်ဝဲရစ်လက်ယာရစ် လှည့်လည်ကြည်ညိုကြကုန်သော ပရိသတ်များ၊ ပဋ္ဌာန်းဒေသနာတော် အနက်ဖွင့်စကျင်ကျောက်ထွင်း ရုပ်ကြွများ၊ ဗုဒ္ဓဝင်လာနိပါတ်တော်များမှ ရောင်စုံဆေးရေးပန်းချီများကို တအံ့တဩလေ့လာကြလျက် တစ်ဖက်တွင်လည်း ရုပ်ပွားတော်မြတ်ကြီးကို ဝဲယာကျောဘက်တို့မှ လှည့်လည်ကြည်ညိုလျက် အံ့ဩချီးမွမ်းကြည်ညိုမဆုံး နိုင်ကြသည်ကိုတွေ့ရသည်။

ကျောက်စာရုံစေတီများ

မြတ်စွာဘုရားဟောကြားတော် မူခဲ့သောပိဋကတ်သုံးပုံတရား ဒေသနာတော်များကို ပါဠိ၊ ရိုမန်နှစ်ဘာသာဖြင့် ထွင်းထုပူဇော်ထားသည်။ ပါဠိတော်နှင့် ရိုမန်ဘာသာကိုနားလည်သူ လူပုဂ္ဂိုလ်ရှားပါးပါသည်။ သို့သော် မြတ်ဗုဒ္ဓ၏ဓမ္မစေတီတော်များ ဖြစ်သည်ဟူသောအသိဖြင့်လည်းကောင်း၊ သာယာညွတ်နူးဖွယ်ရာ (Audio System)ဖြင့် ပူဇော်ထားသော ဓမ္မအသံများက ဘုရားဖူးပရိသတ်ကို အေးချမ်းစေသည်မှာလည်း ထူးခြားလှပါသည်။

အချိန်ကိုငဲ့ကွက်၍ ပြန်လည်ထွက်ခွာလာစဉ် ရင်ပြင်တော်လှေကားတွင် ကားသော့တစ်ချောင်း ကောက်ရထားပါသဖြင့် ဂေါပကရုံးသို့သို့မဟုတ် ယခုကြေညာသောနေရာသို့ လာရောက် ဆက်သွယ်ပါဆိုသော အသံကိုကြားရသည်။ ခဏအကြာတွင်ဆွဲကြိုးတစ်ကုံး ကောက်ရထားပါသဖြင့် ပျောက်ဆုံးသူများရှိပါက လာရောက်ဆက်သွယ်ပါဟူသော နောက်ထပ်ကြေညာသံကို ကြားလိုက်ရသောအခါ ကားပါကင်တွင်၊ ဗုဒ္ဓပရိဝုဏ်တွင်၊ ရင်ပြင်တော်တွင်ရှိသော လုံခြုံရေးဝန်ထမ်းများ၏ကဏ္ဍကိုလည်း လေးစားစွာအသိအမှတ်ပြုမိပါသည်။

မေတ္တာနှင့် ငြိမ်းချမ်းခြင်း ထုံမွှမ်းလျက်ရှိ

မော်တော်ယာဉ်နှစ်စီး၊ သုံးစီးမှသည်ခုနစ်စီး၊ ရှစ်စီးအထိရွာအလိုက်၊ အဖွဲ့အစည်းအလိုက်ကားတန်းကြီးများ၊ မော်တော်ဆိုင်ကယ်များဖြင့် မိုင်ရာချီခရီးနှင်လျက် လာရောက်ဖူးမြော်သော လူငယ်လေးများ၊ အရပ်ရှစ်မျက်နှာမှကြွရောက်လာသော ဘုရားဖူးတို့ကိုသက်သတ်လွတ်ဒံပေါက်ထမင်းဖြင့် ကုသိုလ်ယူကျွေးမွေးနေသောအဖွဲ့များ၊ ဘုရားဖူးမိဘ ပြည်သူများ၏ လုံခြုံရေးသာမကအခြားသောဝန်ဆောင်မှုအကူအညီများအတွက် အသင့်ပြင်နေသော လုံခြုံရေးတာဝန်ကျသူများနှင့်အတူ ဘုရားဖူးပြည်သူများ၏ မေတ္တာနှင့်ငြိမ်းချမ်းခြင်းအရသာများ ထုံမွှမ်းလျက်ရှိသော ယနေ့မြင်ကွင်းများကို တင်ပြလိုက်ရပါသည်။           

အလင်းသစ်၊ နေမျိုး၊

သန်းတင်အောင်