Skip to main content

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမည်

နေပြည်တော် ဩဂုတ် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။ 

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင် သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ တက်ရောက်ကြသည်။

စစ်ဘက်၊ အရပ်ဘက်မျှတစွာ တာဝန်ခွဲဝေပေးအပ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အသစ်ထပ်မံဖွဲ့စည်းခဲ့သည့် ကောင်စီဝင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ယာယီသမ္မတ၏ တာဝန်ပေးအပ်မှုအရ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အကြီးအကဲများကို တာဝန်ပေးအပ်ရာတွင် ဝန်ကြီးဌာနအလိုက်တာဝန် ထမ်းဆောင်လျက်ရှိသူများ၊ အတွေ့အကြုံရှိပြီးသူများနှင့် ဒေသနှင့်ကိုက်ညီသူများကို စိစစ်ရွေးချယ်၍ စစ်ဘက်၊ အရပ်ဘက်မျှတစွာ တာဝန်ခွဲဝေပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း။

ယခင်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်း မရှိသည့်အပြင် နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်မှ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးအတွက် နိုင်ငံတော်၏တာဝန် များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ လွှတ်တော် ကို ဖျက်သိမ်းပြီးနောက် ၎င်းတို့အနေဖြင့် ဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင် အဖွဲ့များဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များကို ဖွဲ့စည်းကာ လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ်များကို ရွေးချယ်ခဲ့ကြကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် EAO အဖွဲ့အချို့၏ ကူညီအားပေးမှုနှင့် အထောက်အပံ့များကိုရယူ၍ လက်နက်ကိုင်အကြမ်းဖက်မှုများကို လုပ်ဆောင်ခဲ့ကြကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိစေရေး ယခင်ကတည်းက ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ယင်းတို့ကို NCA အပေါ်တွင် အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် အချို့သော EAO အဖွဲ့များအနေဖြင့် NCA သဘောတူညီချက်များကို လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ဆောင်ရွက်ခြင်းကြောင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ ထိုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကြောင့် အချို့သောဒေသများတွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ကြောင်း။

တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ ဆောင်ရွက်သွားကြရမည်

မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ဆက်လက်ဆောင်ရွက်ပြီး ရည်မှန်းချက်တာဝန်များ အောင်မြင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် အချို့သော EAO အဖွဲ့များ၏ လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသားဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိသည့်အပြင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှု အခွင့်အရေးများ များစွာဆုံးရှုံး ထိခိုက်နစ်နာစေလျက်ရှိကြောင်း၊ ထို့ပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံး၍ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာစေလျက် ရှိသကဲ့သို့ တိုင်းပြည်၏ အနာဂတ်အတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေး နိုင်ငံတော်အစိုးရက ကူညီဆောင်ရွက်ပေး

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ လက်ရှိကမ္ဘာပေါ်တွင် စားနပ်ရိက္ခာလုံခြုံရေး Food Security သည် အမှန်တကယ် လိုအပ်ချက်ရှိနေသည့် အချက်တစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် သည့် အခြေအနေများစွာ ရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး MSME ကုန်ထုတ်လုပ်ငန်းများကို ခေတ်မီနည်းပညာများ အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရေး ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်သွားရန် လိုကြောင်း၊ လယ်စိုက်ပျိုးမြေများတွင် တစ်သီးသာစိုက်ပျိုးသည့် မြေဧကသုံးသန်းကျော်ရှိကြောင်း၊ ယင်းနေရာများ၌ ဆီထွက်သီးနှံအပါအဝင် သီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးမည်ဆိုပါက ပြည်တွင်းအတွက်လိုအပ်သည့် အခြေခံသွင်းကုန်များ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်း ပို့ကုန်များ ပိုမိုတင်ပို့နိုင် မည်ဖြစ်ကြောင်း၊ အမှန်တကယ်လိုအပ်သည်မှာ စိုက်ပျိုးမွေးမြူရေးနယ်ပယ်တွင် မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေး နိုင်ငံတော်အစိုးရက ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေး ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား၍ စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ကိုမြှင့်တင်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

တိုင်းရင်းသားများ၏အခွင့်အရေးနှင့် ပတ်သက်၍ အခြေခံဥပဒေ၌ တူညီသည့်အခွင့်အရေးများ ပေးထားပြီးဖြစ်သကဲ့သို့ မိမိတို့အနေဖြင့်လည်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင်တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းရေး အတွက် တပ်မတော်အနေဖြင့် NCA ပါသဘောတူညီချက်များအတိုင်း အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း အလေးထားလိုက်နာဆောင်ရွက်သွား ရန်လိုကြောင်း၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ရှေးရိုးစွဲကျသည့် အတွေးအခေါ်၊ အယူအဆများဖြင့် စဉ်းစားဆောင်ရွက်နေရုံဖြင့်မရဘဲ လက်ရှိနိုင်ငံ၏ ပကတိအခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူပြင်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ကို မထိခိုက်စေရန်လည်း အထူးသတိပြုဆောင်ရွက်ရန်လိုကြောင်း၊ သမာသမတ်ကျသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို အလေးထားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့်ဘက်မှ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း အားလုံးက လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း။

အနာဂတ်လူငယ်များအား လမ်းကြောင်းမှန်ပေါ်သို့ ရောက်အောင် တည့်မတ်ထိန်းကျောင်းပေး

ခေတ်မီတိုးတက်သည့် နိုင်ငံတိုင်းသည် ပညာတတ်များ ပေါကြွယ်ဝကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပညာရည်မြင့်မားမှသာ ပိုင်းခြားဝေဖန် လုပ်ကိုင်နိုင်သည့် အတွေးအခေါ်များ ရရှိမည်ဖြစ်သောကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပညာရည်မြင့်မားအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အနာဂတ်လူငယ်များကို မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာကို ထိန်းသိမ်းတတ်စေရန်နှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်ရင်ပေါင်တန်းနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုကဲ့သို့အနာဂတ်လူငယ်များအား လမ်းကြောင်းမှန်ပေါ်သို့ ရောက်အောင် တည့်မတ်ထိန်းကျောင်းပေးနိုင်မှသာလျှင် တိုင်းပြည်၏အနာဂတ် တည်ဆောက်ရေး လုပ်ငန်းများအတွက် အားကိုးအားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိလာနိုင်မည် ဖြစ်ကြောင်း။

ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်

မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှသာ မိမိတို့၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပါတီများအနေဖြင့် အယူအဆများနှင့် သဘောတရားများ တူညီမှုမရှိနိုင်ဘဲ သဘောထားကွဲလွဲမှုများလည်း ရှိနိုင်ကြောင်း၊ တိုင်းရင်းသား လူမျိုးစုအလိုက်လည်း မတူညီသည့်လက္ခဏာများရှိကြောင်း၊ ထို့ကြောင့်လူပုဂ္ဂိုလ်နှင့် လူမျိုးကိုအခြေခံ ဆောင်ရွက်၍ရမည်မဟုတ်ဘဲ ဒေသနှင့်အများ၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လူအနည်းစု၏ သဘောထားကိုလည်း အလေးထားရန်လိုကြောင်း၊ သို့မှသာ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု၊ စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

စွမ်းအားရှိသမျှ လုပ်ဆောင်ရမည်

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးမည်ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပ နိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိနိုင်ရေးဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ် ကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ မဲဆန္ဒရှင်စာရင်းများ ကောက်ယူရာတွင် မှန်ကန်မှုရှိရေး၊ ပြည့်စုံရေး၊ ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံးရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေး တာဝန်ရှိ သူများအားလုံးက ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ ရွေးကောက်ပွဲဟူသည် ရာနှုန်းပြည့်ကျင်းပ အောင်မြင်ရန်ခက်ခဲသော်လည်း ပြည်သူတို့၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး မိမိတို့က စွမ်းအားရှိသမျှ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်ခဲ့သည့် ပထမနှစ်နှစ်တာကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ နောက်ထပ်သက်တမ်းတိုးယူခဲ့သည့် ခြောက်လတာကာလအတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများချမှတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ယခုထပ်တိုးကာလများ၌ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း။

ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကြိုးပမ်း

နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအပေါ် နှောင့်ယှက်မှုများ ရှိနေမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ရေးလုပ်ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ကြောင်း၊ ထိုသို့နှောင့်နှေးစေခြင်းသည် ပြည်သူလူထုတစ်ရပ် လုံး၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ပြန်လည်ဖော်ဆောင်ရေးအတွက် လုပ်ဆောင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေးစေကြောင်း၊ ထိုကဲ့သို့နှောင့်နှေးအောင် လုပ်ဆောင်နေသူ များသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေသူ၊ ပြည်သူကို ထိခိုက်စေသူများဖြစ်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက် ဖြစ်စဉ်များအားလုံးချုပ်ငြိမ်းပြီး တည်ငြိမ် အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေ ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးမှလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မိမိတို့ ဆက်လက်တာဝန်ထမ်းဆောင် မည့်ကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကောင်စီဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကောင်စီဝင်များအားလုံးကလည်း မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်