Skip to main content

မြန်မာ-ယူကေ ပညာရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၈

မြန်မာ-ယူကေ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (Myanmar-UK Partnership for Education) ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် Department for International Development (DFID) ဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ အပြန်အလှန်ချိတ်ဆက် ဆွေးနွေးကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ-ယူကေ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ၂၀၁၉ ခုနှစ်မှစတင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် မေလတွင် အောင်မြင်မှုများစွာ ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဒုတိယနှစ်သို့ရောက်ရှိပြီး ပညာရေးဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ကောင်းမွန်သော ရလဒ်နှင့်အနာဂတ်တို့ကို မျှော်လင့်ပါကြောင်း၊ TREE (Towards Results in Education and English) စီမံကိန်းသည် ပညာရေးကောလိပ်များတွင် ယခင်က စာသင်ခန်းအတွင်း သင်ကြားသင်ယူမှုမှ ယခု online course ဖြင့် ဆရာဆရာမများအတွက် အင်္ဂလိပ်စာ စွမ်းရည် မြှင့်တင်ခြင်း သင်တန်းများ၊ သင်ပြနည်းသင်တန်းများ၊ လူတိုင်းအကျုံးဝင် ပညာရေးနှင့် ပတ်သက်သည့် သင်တန်းများကို ကိုဗစ်-၁၉ ကာလအတွင်းပို့ချပေးနေခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းကို ဖွင့်လှစ်ရန် ပြင်ဆင်နေပါကြောင်း၊ AERS (Assessment and Education Reform Support) စီမံကိန်းအောက်တွင် ဦးစားပေးလုပ်ငန်း ၅ ခုကို ကူညီဆောင်ရွက်နေခြင်းနှင့် EELC (Evidence Evaluation Learning Component) စီမံကိန်းတွင်လည်း သုတေသနလုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်းအတွက် ကျေးဇူး တင်ရှိပါကြောင်း၊ နှစ်နိုင်ငံကြား ပညာရေးပူးပေါင်း ဆောင်ရွက်မှုအား ရေရှည်တည်တံ့ ခိုင်မြဲရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ-ယူကေ ပညာရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်မှ UK Department for International Development (DFID) Head of Office Dr.Rurik Marsden နှင့် Deputy Head of Office, Mr.Will  Niblett တို့က ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားကြသည်။

အစည်းအဝေးတွင် မြန်မာ-ယူကေ ပညာရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များဖြစ်သော TREE, AERS, EELC, Learning Together,MEC (Myanmar Education Consortium) နှင့် STEM (Strengthening pre-service Teacher Education and Myanmar) စီမံကိန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြကြရာ ပညာရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးကြသည်။ အဆိုပါ မြန်မာ-ယူကေ ပညာရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာလအတွင်း ပညာရေး ပူးပေါင်းဆောင်ရွက်ထားရှိမှုနှင့် အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)