Skip to main content

မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာ တူရှုအရပ်တွင် ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခြင်း မင်္ဂလာအခမ်းအနားနှင့် သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီး ဖွင့်လှစ်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၂၃

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာ တူရှုအရပ်တွင် ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် သဒ္ဒါဓိပတိခေါင်းလောင်းတော်ကြီးဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်သည်။

အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ပူဇော်ကြသည်။

ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသည့် ဧည့်ပရိသတ်များက ရတနတ္တယပူဇာဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာသုံးကြိမ် ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အောင်မြေနေရာတွင် ကျောက်မျက်ရတနာများ ခင်းကျင်းကျဲဖြန့်ပူဇော်၍ အခမ်းအနားမှူးက ပထဝီဇယ မန္တန်ဂါထာနှင့် မင်္ဂလာအခါတော် စာတမ်းကိုဖတ်ကြားပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဇ္ဈိမဒေသ ဗုဒ္ဓဂယာ သတ္တဌာန ၇ နေရာမှ အောင်မြေများနှင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ တန်ခိုးကြီးမားစေတီ ဘုရားများရှိ အောင်မြေဌာန ၃၅ ဌာနတို့၏ အောင်မြေများကို ဝိဇယဘူမိနိမ္မာန အောင်မြေထည့်သွင်းတည်ထားသည်။

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အောင်မြေနေရာအား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်သည်။

ထို့နောက် “ဇယန္တော ဗောဓိယာမူလေ” အစချီ ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်၍ အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းလွှာကို ဖတ်ကြားကာ မေတ္တာပြုအမျှပေးဝေကြသည်။

၎င်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး သား၊ သမီး၊ မြေးများ မိသားစုမှလှူဒါန်းသည့် သဒ္ဒါဓိပတိခေါင်းလောင်းတော်ကြီး ဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီးကို ကိုးချက်ထိုး၍ ဖွင့်လှစ်ပြီး အမွေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ဆက်လက်၍ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က ခေါင်းလောင်းတော်ကြီးအား ထိုးခတ်ပူဇော်ကြသည်။

ထို့နောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းလွှာကို ဖတ်ကြားကာ မေတ္တာပြုအမျှပေးဝေကြပြီး ယင်းနောက် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတူတော်မူရာအရပ်တွင် အောင်မြေတည်ထားခြင်းဆောင်ရွက်ရာတွင် သတ္တဌာန ၇ နေရာ၏ အောင်မြေများနှင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ အောင်မြေဌာနပေါင်း ၃၅ ဌာနတို့မှ အောင်မြေများကို ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခြင်းဖြစ်ကြောင်းနှင့် သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီးကို တည်ထားရာတွင်လည်း မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်သန်လျက် အမြင့် ၅ ပေ၊ ထိပ်ဝအကျယ် ၄ ပေ ၁ လက်မ၊ အလေးချိန် ၇၃၈ ကြေးပိဿာရှိသော ခေါင်းလောင်းတော်ကြီးကို ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး သား၊ သမီး၊ မြေးများ မိသားစုမှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။