နေပြည်တော် ဇူလိုင် ၂၁
ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ရေး ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆိုင်ရာ အချက်အလက်များနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ထည့်သွင်းတည်ဆောက်ထားရှိသည့် သာသနိက အဆောက်အဦများ၊ ကျောက်စာရုံစေတီတော်များဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် ရုပ်ပွားတော်မြတ်ကြီးနှင့် ကြီးမားကျယ်ပြန့်ပြီး ခမ်းနားထည်ဝါလှသည့် ဗုဒ္ဓဥယျာဉ်တော်သာသနာ့နယ်မြေကို တည်ဆောက်ခဲ့ရာတွင် ငွေအင်အား၊ လူအင်အား အများအပြားဖြင့် နေ့မနား၊ ညမအား ကြိုးစား၍ ဗုဒ္ဓဘာသာ သာသနာ ရောင်ဝါနေသို့ လင်းစေရေး ဆောင်ရွက်ခဲ့ရမှုများကို ရှင်းလင်းပြောကြားရာ၌ ရုပ်ပွားတော်မြတ်ကြီးဖြစ်လာမည့် စကျင်ကျောက်တော်ကြီး လက်ခံရရှိခဲ့မှုနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ်တွက်ချက်မှုများ ဆောင်ရွက်ခဲ့ရမှု၊ စကျင်ကျောက်တော်ကြီးကို နေပြည်တော်သို့ ရောက်ရှိနိုင်ရေးအတွက် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့ကို အသေးစိတ်တွက်ချက်ဆောင်ရွက်၍ ကြိုးပမ်းသယ်ယူပင့်ဆောင်ခဲ့ရမှု၊ နေပြည်တော်သို့ ပင့်ဆောင်နေချိန်နှင့် တစ်ပြိုင်တည်း၌ပင် နေပြည်တော်သို့ရောက်ရှိပြီးချိန်၌ စတင်ထုဆစ်မည့်နေရာ၊ ထုဆစ်ပြီးချိန်တွင် တည်ထားကိုးကွယ်မည့်နေရာနှင့် သာသနိကအဆောက်အဦများ ထည့်သွင်းဆောင်လုပ်နိုင်ရေးတို့အတွက်ကိုလည်း နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ သြဝါဒခံယူခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဟန်ချက်ညီဖြစ်အောင် ဆောင်ရွက်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီးကို အပိုင်း ၄ ပိုင်းဖြင့် ခွဲ၍ ထုဆစ်ပုံဖော်နိုင်ရေးစီမံဆောင်ရွက်ခဲ့ပြီး ခေတ်မီ CNC နည်းပညာအသုံးပြု၍ အဆင့်ဆင့် ထုဆစ်ပုံဖော်ဆောင်ရွက်ခဲ့ကာ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် ထုဆစ်ခြင်းလုပ်ငန်းများအားလုံး ပြီးစီးခဲ့မှု၊ ထို့နောက် ရုပ်ပွားတော်မြတ်ကြီး၏ အပိုင်းများကို တွဲဆက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုနှင့် တစ်ချိန်တည်း၌ပင် ကျောက်စာရုံ စေတီ စုစုပေါင်း ၇၂၀ ဆူကိုလည်း တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ရုပ်ပွားတော်မြတ်ကြီး၏အပိုင်းများကို တွဲဆက်ပြီးနောက် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုနှင့် စေတနာရှင် ရဟန်း၊ ရှင်လူ၊ မိဘ ပြည်သူများ လှူဒါန်းထားသည့် ဌာပနာတော်များ ထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့မှု၊ ရုပ်ပွားတော်မြတ်ကြီးအား ပိဋကတ်တော်လာ အချက်အလက်များနှင့် ညီညွတ်ပြည့်စုံစေရေးအတွက် ဥဏ္ဏလုံ မွေးရှင်တော်ဓာတ်စီ သွင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပခဲ့မှု၊ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု မှတ်တမ်းများ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ ဆင်းတုတော်နှင့် ပလ္လင်တော်ထုဆစ်ခြင်း လုပ်ငန်းတိုးတက်မှု မှတ်တမ်းများ၊ ရင်ပြင်တော်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျဉ်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းများအားလုံး ပြီးစီးသည့်အချိန်တွင် မြင်တွေ့ရမည့် အခြေအနေများကို Powerpoint Presentation များ၊ မှတ်တမ်း Video ဖိုင်များ၊ အထူးပြုလုပ်ချက်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အဆင့် စည်ကားခမ်းနားစွာ ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ အနေကဇာတင်လှူပူဇော်ပွဲအခမ်းအနား၌ ပြည်ပနိုင်ငံ ၉ ခုမှ သံဃာတော်အပါး ၇၀ ကျော်သည်လည်း တက်ရောက်အနေကဇာတင်မည်ဖြစ်ပါကြောင်းနှင့် မဟာမင်္ဂလာ အခမ်းအနားကြီး ကျင်းပနေမှုများကို ပြည်သူလူထုတစ်ရပ်လုံး ကြည့်ရှုကုသိုလ်ပွားနိုင်ရေး အတွက်လည်း နိုင်ငံပိုင်ရုပ်မြင်သံကြား Channel များမှ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
သတင်းစာရှင်းလင်းပွဲအပြီးတွင် လာရောက်သတင်းရယူကြသည့် ပြည်တွင်း/ ပြည်ပ သတင်းဌာနများမှ သတင်းထောက်များ၊ မြန်မာနိုင်ငံ ဓာတ်ပုံဆရာများအသင်းမှ ဓာတ်ပုံပညာရှင်များက ကြည်ညိုသဒ္ဒါတရားထက်သန်စွာဖြင့် အလှူငွေများ ထည့်ဝင် လှူဒါန်းကြသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်ပသတင်းဌာနများမှ သတင်းထောက်များ၊ မြန်မာနိုင်ငံ ဓာတ်ပုံဆရာများအသင်းမှ ဓာတ်ပုံပညာရှင်များ လာရောက်သတင်းရယူခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်ကြည့်ရှုဖူးမြော်ကြရာ တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းပြသခဲ့ကြကြောင်းနှင့် စိတ်ဝင်တစား လေ့လာဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။