Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဇူလိုင်   ၂၁

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီး ဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဆန်နှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရေး၊ ခြင်ဆေးဖျန်းခြင်း၊ မိုးစပါးအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေး ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ရွာမကျေးရွာအုပ်စု၊ ရွာမအမှိုက်ကွင်း နေရာသို့သွားရောက်ပြီး ဘူးသီးတောင်-တောင်ဘဇာလမ်းဘေး၌ ပိတ်ဆို့နေသော အမှိုက်များအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်း နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

အလားတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်ကျော်မိုးသည် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ပျားလည်ချောင်းကျေးရွာရှိ စပါးစိုက် တောင်သူတစ်ဦး၏ လယ်မြေ ၅ ဧကတွင် Gw -11 မျိုးစပါးများအား ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှုများကို သွားရာက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များ မှာကြားသည်။

ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦး သည် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သော မော်တော်ယာဉ် ဂိတ်မှူးများ တွေဆုံပွဲသို့ တက်ရောက်အမှာစကားများပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ကစ္ဆပသီရိကားဝန်းအတွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

အလားတူ မောင်တောမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်သော ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။