နေပြည်တော် ဇူလိုင် ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ဖိတ်ခေါ်လျက်ရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေများအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်တာဝန်ရှိသူများ၊ ပြန်လည်အလင်းဝင်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ငပုတောမြို့နယ်၊ လပွတ္တာမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသားလေးဦးအား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံ သို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံ ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်