Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၀

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင် ကွင်း၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား နယ်မြေခံတပ်မှတာဝန်ရှိသူများက စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။ ထို့ပြင် အခြေခံပညာမူလတန်း(ခွဲ)ကျောင်း၊ ကျောက်တင်ဆိပ်သို့ သွားရောက်၍ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စပါးစိုက် တောင်သူများကို တွေ့ဆုံအမှာစကားပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ တောင်သူများအား ယူရီးယားဓာတ်မြေသြဇာများကို ထောက်ပံ့ပေးအပ်သည်။ ၎င်းနောက် အုန်းတောကျေးရွာကွင်းအမှတ် (၄၇၇) တောင်သူတစ်ဦး၏ လယ်မြေတွင် ကျင်းပပြုလုပ်သည့် မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲသို့ သွားရောက်ကြည့်ရှုအားပေးသည်။

အလားတူ ကျောက်တော်မြို့၌ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)ရှိ ကျောင်းသား၊ ကျောင်းသူများအား ဆန်နှင့်ဆီများပေးအပ်ပွဲသို့တက်ရောက်ပြီး ကျောင်းအုပ်ဆရာကြီး၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်