စစ်တွေ ဇူလိုင် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၏ ပုစွန်သားပေါက်လိုအပ်ချက်များကို ရာသီအမီဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ်အောင်တိုင်ကျေးရွာအနီး၌ ငါးလုပ်ငန်းဦးစီးဌာန၏ ပေါက်တောမြို့နယ် စိုးမဲကျီ(ပြောင်းရွှေ့) အောင်တိုင်ရေငန်ပုစွန် သားဖောက်စခန်းသို့သွားရောက်ပြီး ပုစွန်သားပေါက်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ပုစွန်သားပေါက်များ ပိုမိုထုတ်လုပ်နိုင်ရေး သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ပုစွန်သားဖောက်စခန်း တာဝန်ခံဦးမိုးဆွေက သားဖောက်စခန်းအတွင်း ပုစွန်သားပေါက်ကန်၊ ပိုးသတ်ကန်နှင့် မျိုးဖောက်ဆောင်ကို လိုက်လံရှင်းလင်းပြသသည်။ ဆက်လက်၍ ပုစွန်သားဖောက်စခန်းတာဝန်ခံက ပုစွန်မွေးတောင်သူများအတွက် လိုအပ်လျက်ရှိသော အရည်အသွေးပြည့်ဝသည့် ရေငန်ပုစွန်သားပေါက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေး၊ ကျေးလက်ဒေသများတွင် တစ်ပိုင်တစ်နိုင် သားပေါက်ထုတ်လုပ် လာနိုင်ရေးအတွက် နည်းပညာများဖြန့်ဖြူးပေးနေမှုအခြေအနေများ၊ သားပေါက်စခန်းအတွင်း ပုစွန်သားပေါက်နေမှုနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် စခန်းအတွင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ပြုပြင်ထားရှိမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်တင်စောက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သားပေါက်ရာသီအမီပြုပြင်နိုင်ရေးနှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးမှာကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ လိုအပ်သည်မျာဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေချမ်းပြင်ရေငန်ပုစွန်သားဖောက်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ စခန်းတာဝန်ခံဦးကျော်ထွန်းဇံက ရေချိုပုစွန်များ သားဖောက်ရန် စမ်းသပ်ဆောင်ရွက်နေမှု၊ ဒေသမျိုးရေချိုပုစွန်သားလောင်းများအား ရန်ကုန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့တင်ပို့ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး စခန်းအတွင်းတီလားပီးယား ငါးသားပေါက်များ မွေးမြူထားရှိမှုတို့ကို လှည့်လည်ပြသသည်။
စစ်တွေမြို့နယ် အောင်တိုင်ရေငန်ပုစွန် သားဖောက်စခန်းတွင် ပုစွန်သားပေါကနှစ်သန်းထုတ်လုပ်နိုင်ပြီး ရေချမ်းပြင်သားဖောက်စခန်းတွင် သုံးသန်းထုတ်လုပ်နိုင်မည်ဖြစ်ရာ ဒုတိယဝန်ကြီးက ရာသီအမီထုတ်လုပ်နိုင်ရေး ကြိုးစားလုပ်ဆောင်ကြရန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ် ပျားလေချောင်းကျေးရွာ၌ တောင်သူပညာပေးသရုပ်ပြသမည့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးရန်ဆောင်ရွက်နေမှု၊ ထွန်စက်မှတိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးရန်ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်မင်္ဂလာကျေးရွာအနီးတွင် ဦးမောင်စံမြ၏ ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုရာ မွေးမြူရေးလုပ်ငန်းရှင်က ဥစားကြက်မွေးမြူထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကိုရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးကဇီဝလုံခြုံမှု အလေးထားရန်၊ ယခုပုံစံမှ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်(GAHP)နှင့်အညီ မွေးမြူနိုင်သောခြံအဖြစ် တဖြည်းဖြည်းနှင့် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်မှာကြားပြီး ကြက်ခြံ၏ဇီဝလုံခြုံရေးအတွက် အသုံးပြုရန် ခြံဖျန်းပိုးသတ်ဆေး များကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမျိုးသန့်ခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးက နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုဖြင့် အုန်းတိုးချဲ့စိုက်ပျိုးမည့်အစီအစဉ်နှင့် အုန်းသီးစုဆောင်းထားရှိမှု၊ ပျိုးထောင်ထားရှိမှုအခြေအနေများ၊ အထွက်နှုန်းကောင်းသည့် ဒေသနှင့်ကိုက်ညီသည့် မျိုးစပါးများပျိုးထောင်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသသည်။
စစ်တွေမျိုးသန့်ခြံတွင် အုန်းသီး ၅၅၀၁ လုံး ပျိုးထောင်ထားရှိပြီး ရခိုင်ပြည်နယ် တစ်ခုလုံးအနေဖြင့် အုန်းသီး ၃၄၆၀၀ ပျိုးထောင်ထားလျက်ရှိသည်။ အလားတူ မျိုးသန့်ခြံတွင် ဒေသနှင့် သင့်တော်မည့် ဆားငန်ဒဏ်ခံ ဆင်းသွယ်လတ်၊ ရွှေအာဆီယံ၊ ပြည်မြန်မာစိန်၊ ဆားငန်ခံ -၅၊ ဆားငန်ခံ - ၆၊ ဧရာမောင်၊ ရွှေပြည်မင်း၊ ရွှေပြည်ဝင်း၊ YSTR-12 နှင့် GW-11 စပါးမျိုးများကို စမ်းသပ်ရှာဖွေ ပျိုးထောင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)