Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း လမ်းများတိုးချဲ့ဆောင်ရွက်နေမှုကြည့်ရှု

နေပြည်တော် ဇူလိုင် ၁၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၇ ရက်က ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း Box Culvert နှင့်လမ်းများ တိုးချဲ့ဖောက်လုပ်နေမှုနှင့် သာယာ လှပရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

နံနက်ပိုင်းတွင် မြို့တော်ဝန်နှင့် တာဝန်ရှိသူများ သည် ပုဗ္ဗသီရိမြို့နယ်ရှိ ကုမုဒြာကြာပန်းအဝိုင်းအနီး Free Way လမ်း တိုးချဲ့ဖောက်လုပ်နေမှုကို လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့သွားသော အဓိကလမ်းမကြီးဖြစ်သည့် စံပယ်လမ်း လမ်းကွေ့ နေရာတွင် Free Way လမ်းတိုးချဲ့ဖောက်လုပ်နေမှု၊ Box Culvert လုပ်ငန်းဆောင်ရွက်နေမှု၊ စံပယ်လမ်းဘေးမြက်ခင်းနှင့် ပန်းအလှပင်များ စိုက်ပျိုးရန်အတွက် မြေသားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြတ်မင်္ဂလာလမ်းခြောက်လမ်းသွား တိုးချဲ့ဖောက်လုပ်မည့်နေရာနှင့် သံတမန်ဇုန်အတွင်းရှိ သစ်ခွလမ်းနှင့် မြတ်မင်္ဂလာလမ်း ချိတ်ဆက်ဖောက်လုပ်ခြင်းနှင့် မြေသားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ နေပြည်တော် မြို့ပတ်လမ်း လမ်းလယ်ကျွန်းအတွင်းမြက်ခင်း၊ အရိပ်ရပင်နှင့်ထန်းပင်များ ပြင်ဆင် စိုက်ပျိုးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လမ်းလယ်ကျွန်းအတွင်း နှစ်ရှည်ပင်များ စိုက်ပျိုးရာတွင် လမ်းမီးတိုင်များနှင့် လွတ်ကင်းမှုရှိစေရန်အတွက် သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ မောင်းနှင်စေရေး၊ အရက်သေစာသောက်စားပြီး မမောင်းစေရေး၊ သတ်မှတ်မိုင်နှုန်း ကျော်လွန်မမောင်းစေရေးတို့ကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန် မှာကြားသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဆိုပါရုံး၌ ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုး ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးအတွက် (မျိုး၊ မြေ၊ ရေ၊ နည်း) လစ်ဟာမှုမရှိအောင် ဆောင်ရွက် စေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ စားရေရိက္ခာဖူလုံရေးနှင့် ဝမ်းစာပြည့်မီရေးအတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်