၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်(ယနေ့)သည် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဖြစ်သည်။ နှစ်အားဖြင့် ၇၀ ကျော်ကြာပြီဖြစ်သော်လည်း မြန်မာပြည်သူ ပြည်သားအားလုံးအနေဖြင့် ဤနေ့ကို ယနေ့ထက်တိုင် မမေ့နိုင်သေးပါ။ မသမာသူအကြမ်းဖက် လူသတ်သမားများက အမျိုးသားခေါင်းဆောင်ကြီးများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် တိုင်းပြည်အတွက် ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ခဲ့ရသည့် အဖြစ်ဆိုးကြီးကို ပြည်သူအားလုံး၏နှလုံးသားတွင် စွဲကျန်ရစ်နေမည်သာဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အမျိုးသားခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှု၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ နိုးကြားတက်ကြွစွာဖြင့် ပူးပေါင်းပါဝင်လာမှုတို့ကြောင့် နိုင်ငံလွတ်လပ်ရေးရရှိရန် လက်တစ်ကမ်းအလိုတွင် နယ်ချဲ့လက်ပါးစေနှင့် အမျိုးသားသစ္စာဖောက်တို့၏ ယုတ်မာသော အကြံအစည်ကြောင့် အကြမ်းဖက်လူသတ်သမားများ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်များ ကျဆုံးခဲ့ရသည်။ ထိုနေ့ထိုရက်သည် တစ်တိုင်းပြည်လုံး အမှောင်အတိကျပြီး ပူဆွေးသောကရောက်ရသည့် နေ့တစ်နေ့ဖြစ်သည်။
ထိုနေ့ကို နိုင်ငံတော်၏ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တစ်နေ့အဖြစ်သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ထိုနေ့ထိုရက်ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုသည့် ဂုဏ်ပြုသတိရ အထိမ်းအမှတ် အခမ်းအနားများ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပကြသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်အောင် ပြည်သူအားလုံး ဦးညွှတ်အလေးပြုကြသည်။ အာဇာနည်ဟူသည် အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည်၊ သတ္တိဗျတ္တိ ထူးကဲသာလွန်၍ အများအကျိုးအတွက် ကိုယ်ကျိုး မဖက် သက်စွန့်ကြိုးပမ်း ထမ်းဆောင်နိုင်သူဖြစ်သည်။
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အာဇာနေယျ ဂုဏ်ပုဒ်ထက် ထူးကဲသာလွန်သူဟု ဆိုချင်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံနှင့် ပြည်သူအပေါ် ထားရှိသည့် စိတ်ဓာတ်များနှင့် တစ်မူထူးခြား စွမ်းဆောင်နိုင်မှုဂုဏ်ဒြပ်များမှာ မြန်မာပြည်သူ ပြည်သားများအားလုံး လေးစားဂုဏ်ယူကြရမည်ဖြစ်သလို မျိုးဆက်သစ်များအနေဖြင့်လည်း အတုယူအားကျစိတ်များ မွေးမြူကြရမည် ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့သို့ရောက်ရှိလေတိုင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေအလေးအမြတ်ပြုကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သက်ဆိုင်သော အမှတ်တရမှတ်တိုင်များကို အောက်မေ့သတိရစေသောငှာ လေ့လာမှတ်သားကြသည်။
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲအဖြစ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)တွင် အများပြည်သူတို့ လေ့လာကြည့်ရှုနိုင်ရန် အခမဲ့သုံးရက် ဖွင့်လှစ်ပြသပေးသွားမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း နေထိုင်လုပ်ကိုင်ခဲ့သည်များကို ပြန်လည်သိရှိကြရမည် ဖြစ်သည်။ အလားတူ ရန်ကုန်မြို့ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်နေစဉ် မသမာသူများ၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသည့်နေရာနှင့် အမှတ်တရများကို အာဇာနည်နေ့တွင် အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။ ထို့အပြင် (၇၆)နှစ်မြောက် အာဇာနည် နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ၏ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြည်သူအားလုံး လာရောက်ဦးညွှတ် ဂါရဝပြုနိုင်ကြမည်ဖြစ်သည်။
အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီး များရုံး)သို့ လာရောက်ကြသည့် မိဘပြည်သူတို့အနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများနှင့် လုံခြုံရေးဆိုင်ရာစည်းကမ်းများကို လိုက်နာကြခြင်းဖြင့် စိတ်ချမ်းမြေ့ စွာလေ့လာနိုင်မည်ဖြစ်သည်။ ယနေ့အချိန်အခါတွင် မသမာသူအဖျက်သမားများက အများပြည်သူတို့နေရာများနှင့် ပြည်သူများအား နှောင့်ယှက်ဖျက်ဆီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့်တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်လျက်ရှိသည်။ ပြည်သူများအနေဖြင့် အများပြည်သူတို့အား ကာကွယ်စောင့်ရှောက်ပေးရန်အတွက် လုံခြုံရေးအရဆောင်ရွက်မှုများကို နားလည်သိရှိကြရန် မေတ္တာရပ်ခံပါသည်။
သို့ဖြစ်ရာ တစ်တိုင်းတစ်ပြည်လုံး၊ တိုင်းရင်းသားပြည်သူအားလုံး မမေ့မပျောက်နိုင်သည့် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် ဤနေ့ဤရက်တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား သတိရဂုဏ်ပြုဦးညွှတ်အလေးပြုကြပြီး နိုင်ငံတော်အဓွန့်ရှည်ရေး၊ သာယာဝပြောရေး၊ တည်ငြိမ်အေးချမ်းရေးတို့တွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။