နေပြည်တော် ဇူလိုင် ၁
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဂုံးချွန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကွင်း၊ ကွင်းအမှတ်(၄၅၁)၌ တောင်သူတစ်ဦး၏ လယ်မြေတွင် မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲကို သွားရောက်ကြည့်ရှုအားပေးပြီး အစိုးရရပ်ကွက်ရှိ မဟာသတိပဋ္ဌာန် မင်းဒွိန်တောရဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သီလစာရထံ သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မြို့ပေါ်ရပ်ကွက်များရှိ အသက် ၈၅ နှစ်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင်များကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စုကွင်း (၂၇၀-E)၊ လက်ဝဲဒက်မြောက်ကွင်း ဦးပိုင်အမှတ်(၄၆)တို့၌ စုပေါင်းထွန်ယက်ပွဲကို ကြည့်ရှုအားပေးကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ သံတွဲမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်အမှာစကားပြောကြားပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ မာန်အောင်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ခအုန်းမော်ကျေးရွာအုပ်စုနှင့် တောထူကျေးရွာအုပ်စုတို့ရှိ အဘိုး၊ အဘွားများအား သက်ဆိုင်ရာနေရာများ၌ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပြီး ခအုန်းမော်ရွာသစ်ကျေးရွာရှိ ကွင်းအမှတ်(၈၆၀)ရှိ ဒေသခံတောင်သူတစ်ဦး၏ လယ်မြေတွင် ဆင်းသုခစပါးစိုက်ပျိုးနေမှုနှင့် ထွန်ယက်နေမှုများအား သွားရောက်ကြည့်ရှုသည်။ ယင်းနောက် တောထူကျေးရွာရှိ တောင်သူ လယ်သမားများနှင့် တွေ့ဆုံ၍ စပါးအထူးအထွက်နှုန်းတိုးရေးအတွက် လုပ်ဆောင် ရမည်များကို ဆွေးနွေးပြီး စပါးမျိုးစေ့ထုတ်ပျိုးခင်းအား သွားရောက်ကြည့်ရှုကာ အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ်ရဲစခန်းအတွင်းရှိ နေအိမ်လိုင်းခန်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ နှိမ်နင်းရေး၊ ဖုံးသွန်လဲစစ်လုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် မြို့ဦးကျေးရွာအုပ်စု၊ ဇူလကျေး ရွာရှိ ကွင်းအမှတ်(၁၀၁/ဃ)ရှိ ဒေသခံတောင်သူများ၏ လယ်မြေ၌ မိုးစပါး ဆင်းသွယ်လတ်မျိုးစပါးပျိုးထောင်ထားရှိမှုနှင့် ထွန်ယက်နေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။