နေပြည်တော် ဇူလိုင် ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အစိုးရရပ်ကွက်ရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တမဟိန္ဒအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျောင်းတိုက်၌ နယ်လှည့်ဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဆေးကုသမှုခံယူနေသူ ဒေသခံပြည်သူများကို ဆီ၊ ရေသန့်၊ စားသောက်ဖွယ်ရာများနှင့် တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထာသည့် တိုင်းရင်းဆေးမျိုးစုံတို့ကို ပေးအပ်လှူဒါန်းသည်။ ယင်းနောက် သန်ပန်ချောင်းရပ်ကွက်ရှိ MSME လုပ်ငန်းတစ်ခုဖြစ်သည့် ငါးကွမ်းရှပ်ငါးတစ်မျိုးတည်းဖြင့်သာ ထုတ်လုပ်လျက်ရှိသည့် 7- TOP ငါးမုန့်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွန်တိုင်ကျေးရွာအုပ်စု၊ စက်မှုအထက်တန်းကျောင်း၌ ကျေးရွာအုပ်စု ၃ စုတို့မှ လေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းများ၊ ဆန်၊ ဆားနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး အဆိုပါကျောင်း၌ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ လေဘေးသင့်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးကြရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၎င်းနောက် ဘူးသီးတောင်တပ်နယ်အတွင်းရှိ မူကြိုကျောင်းများမှ ကလေးငယ်များအား အာဟာရဖြည့်စွက်စာများ သွားရောက်ကျွေးမွေးပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။
ထို့အတူ မြောက်ဦးမြို့သို့ရောက်ရှိနေသည့် ဗိုလ်ချုပ်သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျပြိုလဲခဲ့သော မြို့တွင်းတယ်လီဖုန်း ကွန်ကရစ်တိုင်များ အသစ်လဲလှယ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသည့် ဗိုလ်ချုပ်အောင်မျိုးထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အရှေ့မြောက်ရပ်ကွက်ရှိဓမ္မာရုံကြီး၌ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါဓမ္မာရုံကြီးအတွက် သွပ်အချပ် ၅၀ လှူဒါန်းခဲ့သည်။
ထို့အတူ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကီမိုခန်းမ၌ မိုခါမုန်တိုင်းဒဏ်ကြောင့် နေအိမ်များပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ၊ သစ်ခွဲသားနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ၊ သစ်ခွဲသားနှင့် ထောက်ပံ့ပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများအားပေးအပ်ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
အလားတူ စစ်တွေမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရွာသစ်ကေကျေးရွာရှိ စပါးစိုက်တောင်သူများအား GW- 11 စပါးမျိုးစေ့များနှင့်ပတ်သက်၍ အထွက်နှုန်းတိုးတက်စေရေးအတွက် စနစ်တကျစိုက်ပျိုးရန်၊ ရာသီအမီ စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သော သွင်းအားစုမျးကို ထည့်သွင်းအသုံးပြုရန် စသည်ဖြင့် ဆွေးနွေးမှာကြားခဲ့သည်။
ထို့အတူ ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးရုံး၌ မျိုးစပါးထောက်ပံ့နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး အထက်တန်းကျောင်းခွဲ(အလယ်စု)ရှိ ကျောင်းသား၊ ကျောင်းသူ များအား ဒံပေါက်ဘူးများပေးဝေလှူဒါန်းသည်။ ယင်းနောက် ဦးရာဇ်တော်ကြိုးတံတား ပြန်လည်ပြုပြင်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ မောင်တောမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကညင်ချောင်းစီးပွားရေးဇုန်ရှိ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ဆွေးနွေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်းများအား စက်လှေများပေါ်သို့ တင်ဆောင်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့သို့ ရောက်ရှိနေသော နယ်လှည့်ဆေးကုသရေးအဖွဲ့များသည် ဒေသခံပြည်သူများအား သတ်မှတ်နေရာများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။