Skip to main content

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်သည်။

အဖွင့်အမှာစကားပြောကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲဖြစ်ပေါ်လာခြင်းသည် မြတ်ဗုဒ္ဓ၏သာသနာတော်အစပိုင်း “တိစီဝရိတ်”ဟုခေါ်သည့်သုံးထည်သော သင်္ကန်းကိုသာ ခွင့်ပြုတော်မူခြင်းမှ အဆင့်ဆင့်ပြောင်းလဲလာခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်ဟု ဆိုရမည်ဖြစ်ပါကြောင်း။

မြတ်စွာဘုရားရှင်သည် သံဃာ့အဖွဲ့အစည်းကြီးကို စတင်တည်ထောင်စဉ်က အရိယာသံဃာတော်များနှင့်သာ စတင်တည်ထောင်ခဲ့ပြီး သာသနာအစောပိုင်းကာလတွင် ရဟန်းတော်များဝတ်ရုံသုံးစွဲရန်အတွက် “တိစီဝရိတ်” ဟုခေါ်သည့် သုံးထည်သော သင်္ကန်းကိုသာ ခွင့်ပြုတော်မူခဲ့ကြောင်း။

ရဟန်းတော်များ ဝါဆိုဝါကပ်ရန် မြတ်စွာဘုရားရှင် သတ်မှတ်ခွင့်ပြုပေးတော်မူခဲ့သောကာလမှာ မိုးတွင်းကာလဖြစ်သည့်အတွက် ရဟန်းတော်များအနေဖြင့် မိမိတို့သီတင်းသုံးရာ ကျောင်းတိုက်တာနှင့်ညဉ့်ကင်း၍ ခရီးထွက်ခွာခြင်းမပြုရန်၊ အကယ်၍မဖြစ်မနေ ခရီးသွားရမည့်ကိစ္စရှိပါကလည်း ဝါပန်၍သွားရောက်ရန် စသည်ဖြင့် သိက္ခာပုဒ်များပညတ်တော်မူခဲ့သည်ကို သိရှိရကြောင်း။

ထိုမိုးတွင်းကာလအတွင်း ကျောင်းတိုက်တာပြင်ပဖြစ်သည့် မြို့ရွာအတွင်းသို့သွားရမည့်ကိစ္စ၊ ခရီးဝေးသွားရမည့်ကိစ္စတို့ ပေါ်ပေါက်၍ သွားလာရသည့်အခါ ခရီးသွားလာရင်း မိုးစိုမိုးမိခဲ့ပါက ရေစိုသင်္ကန်းအား ခြောက်သွေ့သည့်အပိုသင်္ကန်းဖြင့် လဲလှယ်ဝတ်ရုံရန် အပိုသင်္ကန်းထားရှိခွင့်နှင့် မိုးရွာစဉ် မိုးရေချိုးသည့်အခါ၌လည်း ရေစိုခံမည့်မိုးရေခံသင်္ကန်းချုပ်ဆိုးခွင့်၊ ဝတ်ရုံခွင့်တို့ကို ထိုစဉ်က မြတ်စွာဘုရားရှင်ခွင့်ပြုတော်မူခြင်းမရှိသေးသည့်အတွက် မိုးရေခံသင်္ကန်းနှင့်စပ်လျဉ်း၍ ရဟန်းတော်များ အခက်အခဲဖြစ်မှုကိုသိရှိသည့် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါက ဘုရားရှင်ထံ “မိုးရေခံ သင်္ကန်း” လှူဒါန်းခွင့် လျှောက်ထားခဲ့ရာ မြတ်စွာဘုရားရှင်က မိုးရေခံသင်္ကန်း အလှူခံသုံးစွဲခွင့်ကို ဝိနည်းသိက္ခာပုဒ်နှစ်ခုပညတ်၍ သုံးစွဲရမည့်ကာလနှင့် အတိုင်းအတာအရွယ်အစား ပမာဏတို့ကို ခွင့်ပြု ပေးတော်မူခဲ့ကြောင်း။

မွန်မြတ်သည့်အလှူဒါနဟု ခေါ်ဆိုရမည်

မိုးရေချိုးသောအခါတွင် အသုံးပြုရန် မိုးရေခံသင်္ကန်းလှူဒါန်းခဲ့ကြသော်လည်း နောင်တွင် မိုးရာသီ ဖြစ်သော ဝါတွင်းသုံးလတွင် ဝါဆိုဝါကပ်တော်မူကြသော ရဟန်းတော်တို့အားလှူဒါန်းကြသည့်အတွက် “ဝါဆိုသင်္ကန်း”ဟု ပြောင်းလဲခေါ်ဝေါ်သုံးစွဲလာကြကြောင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံသူ/ နိုင်ငံသားတို့၏ ဆယ့်နှစ်လရာသီပွဲတော်များတွင် ဝါဆိုပွဲတော်သည် ထုံးတမ်းအစဉ်အလာတစ်ရပ်အနေဖြင့် တည်ရှိလာခဲ့ပြီး ဝိနည်းတရားတော်နှင့်အညီ လှူဒါန်းခွင့်ရရှိခြင်း၊ ကာလဒါနဖြစ်ခြင်းတို့ကြောင့် မွန်မြတ်သည့် အလှူဒါနဟုခေါ်ဆိုရမည်ဖြစ်ကြောင်း။

မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူအပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးလေးပါးသော ပစ္စည်းတို့ အနက် ဝါတွင်းကာလအတွင်း သင်္ကန်းဖြင့်မပင်ပန်းကြစေရန် လှူဒါန်းကြရခြင်းဖြစ်သည့်အတွက် သင်္ကန်းလှူဒါန်းကြရသူများအနေဖြင့် “ရွှေရောင်အဆင်း၊ ညစ်ကြေးကင်း၍၊ ပြေပြစ်ခန္ဓာ၊ ရှိန်အဝါနဲ့၊ ကမ္ဗလာစ,သား၊ ဝတ်ထည်များကို၊ ဆင်မြန်းရခြင်း”စသောအကျိုးထူးများ ခံစားရရှိနိုင်ပြီး ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဝါဆိုချိန်ရောက်တိုင်း ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းတို့ကို အစဉ်အမြဲလှူဒါန်းကြသည့် ကာလဒါနကုသိုလ်ဖြစ်ခြင်းကြောင့် “သောတာပန်နှယ်၊ ဂုဏ်ရည် ကြွယ်၍၊ လေးဝ,ပါယ်ဘေး၊ လွတ်ကင်းဝေး”နိုင်ကြောင်းကိုလည်း ကျမ်းဂန်အဆိုအမိန့်များအရ သိရှိရကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူပြီး သက်တော်ရှည် သံဃာ့ဥသျှောင် ဆရာတော်ကြီးများကို နှစ်စဉ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းသည် မြတ်စွာဘုရားရှင်က မိုးရေခံသင်္ကန်း(ဝါဆိုသင်္ကန်း)ဆက်ကပ်ရန် ဝိနည်းတော်နှင့်အညီ ခွင့်ပြုပေးတော်မူခဲ့သည့်အတွက် ဗုဒ္ဓအလိုတော်ကျဖြစ်ခြင်း၊ ဝါဆိုချိန်ရောက်တိုင်း ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းကိုအကြောင်းပြု၍ ဆရာတော်ကြီးများအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ခွင့်ရရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိခြင်းတို့က ကောင်းမြတ်သည့်အခွင့်ကောင်း၊ အစဉ်အလာကောင်းများကို ထိန်းသိမ်းရာရောက်သကဲ့သို့ ရည်ရွယ်သတ်မှတ်ထားသည့် အချိန်အခါရောက်တိုင်း ဆည်းပူးအားထုတ်ရသည့်အတွက် “အာစိဏ္ဏကံ”ကုသိုလ်ကိုလည်း ဖြည့်ကျင့်ရာရောက်သည်ကို သိရှိရကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ကြီးအမှူးပြုသော ဆရာတော်ကြီးများ၊ ဒေသခံဆရာတော်များဖြစ်သည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များကို ပင့်ဆောင်မည်ဖြစ်သည်ကို သိရှိရကြောင်း။

အထူးအလေးထားဆောင်ရွက်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများကို ရန်ကုန်မြို့မှ နေပြည်တော်သို့ ပင့်ဆောင်ရာတွင် လေယာဉ်ဖြင့်သာပင့်ဆောင်သွားရန်နှင့် လေဆိပ်နှင့် သံဃာရာမကျောင်းဆောင်သို့ ကြိုဆို ပင့်ဆောင်ရာတွင်ဖြစ်စေ၊ ဒေသခံဆရာတော်ကြီးများအား ကြိုဆိုပင့်ဆောင်ရာတွင်ဖြစ်စေ၊ အဆင်ပြေချောမွေ့စေရေးနှင့် လမ်းကြောင်းလုံခြုံရေးကအစ အထူးအလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

ညကျိန်းစက်အမီ ကြွရောက်လာကြသည့် ဆရာတော်ကြီးများကို သံဃာရာမကျောင်းဆောင်များတွင် စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေးစီစဉ်ပေးရန်နှင့် ဝေယျာဝစ္စဆောင်ရွက်ကြမည့် ကပ္ပိယကာရကများကိုလည်း စနစ်တကျ တာဝန်ပေးအပ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။

အထူးမှာကြားလိုသည်မှာ ဆရာတော်ကြီးများအား လာရောက်ဖူးမြော်ကြမည့် ဧည့်သည်အဝင်/အထွက်ကိုလည်း လုံခြုံရေးအရစနစ်တကျစိစစ်ကြပ်မတ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ်မှတ် ချက်များနှင့်အညီ ဝင်/ထွက်သွားလာရေး စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ၂၀၂၃ ခုနှစ် ဇွန် ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊(၁၁၀/ ၂၀၂၃)ဖြင့် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သကဲ့သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း အခမ်းအနားဆိုင်ရာလုပ်ငန်းများကို စနစ်တကျ တာဝန်ခွဲဝေဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ ၁၁ ခုကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည်ကို သိရှိရကြောင်း။

လုပ်ငန်းတာဝန်များ သတ်မှတ်ပေးထား

ယခုကဲ့သို့ ဆောင်ရွက်ရမည့်လုပ်ငန်းများအလိုက် ဆပ်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များသတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက် ဆပ်ကော်မတီအလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို လစ်ဟာမှုမရှိစေရန် စေ့စပ်သေချာစွာ အပြန်အလှန်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

အခမ်းအနားကျင်းပမည့် နေ့ရက်မတိုင်မီနှင့် အခမ်းအနားနေ့တို့တွင် ဆရာတော်ကြီးများအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ရာတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ဆွမ်း၊ ဟင်းလျာများဖြစ်ရန်အတွက် သက်ဆိုင်ရာဆပ်ကော်မတီများက ကျန်းမာရေးဆပ်ကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

အခမ်းအနားတွင် ဆရာတော်ကြီးများ၏ သီလချီးမြှင့်ခြင်းနှင့် အနုမောဒနာတရား ချီးမြှင့်ခြင်းတို့တွင် အသံစနစ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုတို့ကို ကြိုတင်စစ်ဆေးထားရမည်ဖြစ်ကြောင်း၊ အရေးကြီးဆုံးအနေဖြင့် လုံခြုံရေးနှင့်စပ်လျဉ်း၍ ရှုထောင့်စုံ၊ ဘက်ပေါင်းစုံ ရှုမြင်သုံးသပ်ကာ အထူးအလေးအနက်ထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်အခမ်းအနားများ ကျင်းပရာတွင် တွေ့ကြုံရသည့်အားနည်းချက်များကို ပြုပြင်ပြီး အားသာချက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားလိုကြောင်း။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်နေကျဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းအတွေ့အကြုံရှိပြီးဖြစ်ကြောင်း၊ သို့ရာတွင် လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင်လစ်ဟင်းမှုမရှိစေရေး၊ သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် စနစ်တကျပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ကြမည့် သက်တော်ရှည်ဆရာတော်ကြီးများ ပင်ပန်းခြင်းမရှိ အခမ်းအနားတက်ရောက်နိုင်ရေး၊ ကျိန်းစက်အနားယူနိုင်ရေးနှင့် စိတ်ချမ်းသာကိုယ်ချမ်းသာ နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီများအနေဖြင့် စနစ်တကျစီမံဆောင်ရွက်ပေးကြရန်နှင့် ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ရှင်းလင်းဆွေးနွေးတင်ပြ

ယင်းနောက် ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ အဖွဲ့ဝင်ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းများပြင်ဆင်ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီ၊ သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာအခင်းအကျင်းများ ပြင်ဆင်ရေးဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်