နေပြည်တော် ဇူလိုင် ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ငလပွေ့ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့ပြင် တိုးချဲ့ရပ်ကွက်ရှိ ဓမ္မိကာရုံပရဟိတဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ပြီး တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ လှူဒါန်းသည့် တိုင်းရင်းဆေးမျိုးစုံနှင့် နေ့ဆွမ်းများကို ဆက်ကပ်လှူဒါန်းကာ အဆိုပါကျောင်းတိုက်၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ၏ နေထိုင်စားသောက်မှုများကိုကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ မြောက်ဦးမြို့သို့ရောက်ရှိနေသည့် ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြောက်ဦးမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်သည့် မုန်တိုင်းဒဏ်သင့် ပြည်သူများထံ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲသို့ သွားရောက်၍ ကျေးရွာအုပ်စု ၂၆ စုရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများထံ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အတူ မာန်အောင်မြို့သို့ ရောက်ရှိနေသည် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော်များအား ဖူးမျှော်ပြီး ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီနှင့် ရေသန့်ဘူးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သော ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးရှိ ဓာတ်လှေကားအဆောက်အဦ၊ စက်ကိရိယာများနှင့် လူလျှောက်လမ်းများအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကာ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက် ညနေပိုင်းတွင် သာယာဝဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ပစ္စည်းများထားသိုရာ Cyclone Shelter သို့ သယ်ယူရွှေ့ပြောင်းပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ထို့အတူ ကျောက်တော်မြို့သို့ရောက်ရှိနေသည် ဗိုလ်မှူးချုပ် အောင်သူဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇူလိုင် ၄ ရက် မွန်းလွဲပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ပြုလုပ်သည့် မုန်တိုင်းဒဏ်သင့်တောင်သူများအား မျိုးစပါးပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး ကျေးရွာအုပ်စု ၅ စုရှိ မုန်တိုင်း ဒဏ်သင့်တောင်သူများထံ ပေါ်ဆန်းရင်မျိုးစပါး ၁၀၀ တင်း၊ နှံထောက် ၁၀၀ တင်း၊ GW-11 ၁၀၀ တင်း၊ ကြားပျံ ၁၀၀ တင်း၊ စုစုပေါင်းတင်း ၄၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။