နေပြည်တော် ဇူလိုင် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကညင်တောရပ်ကွက်နှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်များအတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များအား မြို့ပေါ်ပရဟိတအသင်းများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့လုံးကျွတ်ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုသည်။ ယင်းနောက် စေတီတောင်ရပ်ကွက်ရှိ သာသနဇောတိကာရုံ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ အဆိုပါကျောင်းတိုက်၌ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ဆေးကုသမှုခံယူနေသူများကို ဆီ၊ ရေသန့်၊ စားသောက်ဖွယ်ရာများနှင့် တိုင်းရင်းဆေး လုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းသည့် တိုင်းရင်းဆေးမျိုးစုံကို ပေးအပ်လှူဒါန်းကာ အားပေး စကားများပြောကြားသည်။ ၎င်းနောက် ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေသည့် နဂါးကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာ ဘိဝံသကို သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေးအခြေအနေများအား မေးမြန်းလျောက်ထားကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အားဆေးများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုရှိ အမှတ် (၃) အခြေခံပညာမူလတန်း (လွန်)ကျောင်း၌ ကျေးရွာအုပ်စု ၃ စုမှ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ အဆိုပါစာသင်ကျောင်း၌ လေဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးပစ္စည်းများ၊ ဆန်နှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။ ယင်းနောက် ဆရာ၊ ဆရာမများအား ဆန်နှင့်စားသောက်ဖွယ်ရာများပေးအပ်ပြီး အားပေးစကားများပြောကြားကာ စာသင်ကျောင်းဆောင် အဆောက်အဦပြန်လည်ပြုပြင်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ မြောက်ဦးမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြောက်ဦးမြို့၊ မြို့တော်ခန်းမ၌ ရောက်ရှိနေသော မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ် ၁၀၂၇ အိတ်ကို ကြည့်ရှုစစ်ဆေးပြီး မုန်တိုင်းသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးဖြန့်ဖြူးပေးနိုင်ရေး လိုအပ်သည်များ မှာကြားခဲ့သည်။
အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ တာဝန်ရှိသူများအား ထောက်ပံ့ပစ္စည်းများရောက်ရှိပါက ပစ္စည်းများဆုံးရှုံးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းထားသိုရန်နှင့် ထားရှိမည့်နေရာများ ကြိုတင်ပြင်ဆင်နိုင်ရေး အခြေအနေများနှင့်ပတ်သက်၍မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး ထောက်ပံ့ပစ္စည်းများထားရှိမည့် Cyclon Shelter သို့ သွားရောက်၍ ပစ္စည်းထားသိုမှုနှင့် ထားရှိမည့်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဦးရာဇ်မင်္ဂလာကြိုးတံတား ပြုပြင်တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။