နေပြည်တော် ဇူလိုင် ၃
မိုခါ (MOCHA) မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရွာသစ်ကေကျေးရွာအနီးရှိ ရွာသစ်ကေ-ဇော်မတက်-မင်းဂံကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအား ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကွန်ကရစ်လမ်း ဝဲ/ယာ လမ်းပခုံးပျက်စီးမှုများအား ပြုပြင်ခြင်း၊ နှုံးမြေများအား ဖယ်ရှားရှင်းလင်းခြင်း၊ တံတားအောက်ချောင်းရေ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များဆယ်ယူပေးခြင်း လုပ်ငန်းများကို စက်ယန္တရားများဖြင့် စုပေါင်းဆောင်ရွက်ပေးကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသူများအား အချိုရည်ဘူးများနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။