နေပြည်တော် ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဇူလိုင် ၁ ရက်ညပိုင်းတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကောလင်းမြို့အတွင်းနှင့် ကျော်ဇေယျ (၁) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား PDF အမည်ခံအကြမ်းဖက်သမားများက ဇူလိုင် ၁ ရက် ည ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် မြို့၏အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် ရုံး၏အနောက် တောင်ဘက် မီတာ ၁၅၀ ခန့်အကွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး လက်နက်ကြီးကျည်များ ထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူအား ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။