စစ်တွေ ဇူလိုင် ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျွဲ၊ နွားများ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဟင်းသီး ဟင်းရွက်မျိုးစေ့များပေးအပ်ခြင်း၊ ရေငန်ပုစွန်မွေးမြူရေး ဗဟိုသရုပ်ပြစခန်းနှင့် စစ်တွေမျိုးသန့်ခြံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံ
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ် ကျက်တောပြင်ကျေးရွာ မူလတန်းကျောင်းသို့ ရောက်ရှိပြီး ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စိုက်ပျိုးရေးလုပ်ငန်း များနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် အထောက်အပံ့များ ကူညီဖြည့်ဆည်းပေးရန် နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တစ်သီးစားမှ နှစ်သီးစား စိုက်ပျိုးနိုင်ရန်အတွက် နည်းပညာနှင့်မျိုးစေ့များကိုလည်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ တောင်သူများ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားရေးဘဝဖွံ့ဖြိုးရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ မျိုးစပါးများ သယ်ယူဖြန့်ဖြူးပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကူညီဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက တာဝန်ရှိသူများထံ ကျွဲ၊ နွားများအတွက် အားဆေးနှင့် ကုသ ဆေးဝါးများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် အလှူငွေများပေးအပ်ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျွဲ၊ နွားများကို ကာကွယ်ဆေးထိုးနှံနေမှုနှင့် စပါးခွံ၊ သစ်ရွက်ဆွေးနှင့် အီးအမ်အသုံးပြု၍ သဘာဝမြေသြဇာပြုလုပ်မှု လက်တွေ့သရုပ်ပြသနေမှုကို တောင်သူလယ်သမားများအား ရှင်းလင်းပြောကြား ဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေချမ်းပြင် ရေငန်ပုစွန် မွေးမြူရေးဗဟိုသရုပ်ပြ စခန်းသို့ ရောက်ရှိပြီး မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ အမြန်ဆုံး ပြန်လည်ပြင်ဆင်တည်ဆောက်ပြီး လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေကို ကြည့်ရှုစစ်ဆေး၍ ရေငန်ပုစွန် သားပေါက်လုပ်ငန်းများ အမြန်ပြန်လည်လည်ပတ် နိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
အဆိုပါ စခန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရေငန်ပုစွန်သားပေါက်ကောင်ရေ ၃ ဒသမ ၂ သန်း မျိုးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အုန်းရည်ပေါ်ကျေးရွာရှိ တောင်သူဦးစောသိန်း၏ သဘာဝပုစွန်မွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန(မျိုးစေ့ဌာနခွဲ) စစ်တွေ မျိုးသန့် ခြံသို့ရောက်ရှိပြီး မုန်တိုင်းဒဏ်ခံ ပျိုးပင်အဖြစ် ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးနိုင်ရန် အုန်းပင်ပျိုးပေါက် ၁၃၀၀၀ ပျိုးထောင်ထားရှိမှု၊ ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ်လုပ်ရန် ပြင်ဆင်နေမှု၊ ပေါ်ဆန်းရင်၊ ဆင်းသွယ်လတ်နှင့် ဆင်းသုခမျိုးစပါးများ မျိုးစေ့ ထုတ်ရန် ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်