နေပြည်တော် ဇူလိုင် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ရွာမကျေးရွာ၊ နယ်စပ်ဒေသဂန္ဓရီ လူငယ်ဖွံ့ဖြိုးရေး ပရဟိတသင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုပြီး အားပေးစကားများ ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့ပြင် ဂန္ဓရီကျေးရွာရှိ ဒေသခံပြည်သူများအား ပြန်လည် ထူထောင်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ဒုတိယအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကာ အားပေးစကားများ ပြောကြားသည်။ ထို့နောက် ကုလားတန် (၃)ရေယာဉ်ဖြင့် ရောက်ရှိလာသော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများအား မီးရထားဆိပ်ရပ်ကွက်ရှိ၊ စားသုံးသူရေးရာ ဂိုဒေါင်အတွင်း စနစ်တကျထားရှိမှုအား သွားရောက်ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အလားတူ မြောက်ဦးမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော ကျေးရွာအုပ်စု (၁၂)အုပ်စုမှ မုန်တိုင်းသင့်တောင်သူများထံသို့ GW-11 မျိုးစပါး တင်း (၉၀၀) ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အတူ မောင်တောမြို့သို့ရောက်ရှိနေသည် ဗိုလ်မှူးချုပ် တင်ဆွေနှင့် တာဝန်ရှိသူများသည် မောင်တောမြို့ရှိ ကုတင် ၁၀၀ ဆံ့ ခရိုင်ပြည့်သူ့ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများကို အားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော အခြေခံစာရင်းဇယားရေးဆွဲနည်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ စာရေးဝန်ထမ်းများ အခြေခံစာရင်းဇယားရေးဆွဲနည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။