နေပြည်တော် ဇွန် ၁၆
ဩစတြီးယားနိုင်ငံဗီယင်နာမြို့တွင် ဇွန် ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်သည့် (၁၄) ကြိမ် မြောက် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအစိုးရဌာနဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး များသို့မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဒေါက်တာ ဌေးအောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Online ဖြင့် တက်ရောက်သည်။
ဇွန် ၁၃ ရက်ကကျင်းပသည့် အစည်းအဝေးဒုတိယနေ့ သက်ဆိုင်ရာနိုင်ငံအလိုက် ဆွေးနွေးတင်ပြမှုအစီအစဉ်တွင် ကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်ကမြန်မာနိုင်ငံအနေဖြင့် ကွန်ဗင်းရှင်းအကောင်အထည် ဖော်ဆောင်မှုပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ပထမစက်ဝန်းကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး အကြံပြုချက်များနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုခေတ်စနစ်နှင့်အညီပြင်ဆင် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ သုံးသပ်ရေးလုပ်ငန်းစဉ် ဒုတိယစက်ဝန်း ၏အနှစ်ချုပ်အစီရင်ခံစာပါ အကြံပြုချက်များကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။
ဇွန် ၁၄ ရက်ကကျင်းပသည့် အစည်းအဝေးတတိယနေ့ တွင်ကော်မရှင်ဥက္ကဋ္ဌကအဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆောင်ရွက်မှုများနှင့်အလေ့ အကျင့်ကောင်းများခေါင်းစဉ် အောက်မှပါဝင်ဆွေးနွေးခဲ့ရာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် ကော်မရှင်ရုံးအပါအဝင် ပြည်ထောင်စုဝန်ကြီး ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များကိုဖွဲ့စည်း၍ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍအဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ကုန်သည်များနှင့်စက်မှုလုပ်ငန်း ရှင်များအသင်းချုပ်နှင့်အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်တစ်ရပ် ကိုထုတ်ပြန်ထားပါကြောင်း၊ ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကိုရေးဆွဲ ၍ အဆိုပါ စီမံချက်အပေါ် နှစ်အလိုက်လုပ်ငန်းစီမံချက်များ ရေးဆွဲချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။
ဇွန် ၁၅ ရက်က ကျင်းပသည့်အစည်းအဝေးစတုတ္ထနေ့တွင် ကော်မရှင်ဥက္ကဋ္ဌကမြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မကြာမီအချိန်တွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် လက်မှတ်ရေးထိုးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အများပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေးအတွက်မြို့ကြီးများတွင် ရုံးခွဲများဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှကိုယ်စားလှယ်များက ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UN-CAC) အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာသတင်းအချက်အလက်များ၊ ကောင်းမွန်သည့်အလေ့အထများ၊ အတွေ့အကြုံများမျှဝေရေး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်တရား ဥပဒေစိုးမိုးရေးဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းများ၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးနှင့်တိုက်ဖျက်ရေးတွင် စာရင်းစစ်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍခိုင်မာအားကောင်းရေး၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနည်းလမ်းများ၊ မူဝါဒများ၏အကျိုးသက်ရောက်မှု၊ ထိရောက်မှုတို့အပေါ် အကဲဖြတ်ဆန်းစစ်ရေး၊ ကြုံတွေ့ရသည့်စိန်ခေါ်မှုများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ကြ သည်။
အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်နှင့် ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးသန်းစိုး၊ ဦးမောင်မောင်တင့်၊ ဦးဝင်းတည်နှင့်ဒေါက်တာထွန်းထွန်းဦးတို့က Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပြီးဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ဦးဆောင်သည့်ကိုယ်စားလှယ် နှစ်ဦးတို့က အစည်းအဝေးခန်းမအတွင်း ကိုယ်တိုင်တက်ရောက်ခဲ့ ကြောင်းသိရသည်။
သတင်းစဉ်