နေပြည်တော် ဇွန် ၁
ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေသုတေသနအဖွဲ့၏ စာတမ်းဖတ်ပွဲအခမ်းအနားကို မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဥပဒေသုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် မဟာဗျူဟာစီမံကိန်းပါ ဥပဒေသုတေသနလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယခင်ကဥပဒေသုတေသနအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ရာမှ ဥပဒေသုတေသနဌာနစိတ်အဖြစ် ဖွဲ့စည်းခဲ့ပြီး ယခုအခါ ညွှန်ကြားရေးမှူးတစ်ဦး ဦးဆောင်သည့် ဥပဒေသုတေသနဌာနခွဲအဖြစ် ပြောင်းလဲဖွဲ့စည်းထားကြောင်း၊ ဥပဒေသုတေသနအဖွဲ့တွင် ဦးဆောင်ကော်မတီ ၁၄ ဦး ပါဝင်ပြီး သုတေသနအဖွဲ့ဝင် ၇၁ ဦး၊ လုပ်ငန်းအဖွဲ့ငယ် ၆ ခု ဖြင့် ဖွဲ့စည်း၍ ဥပဒေသုတေသနလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ရေးသား ပြုစုထားသည့် စာတမ်းများမှာ လုပ်ငန်းအဖွဲ့(၁)မှ “ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန် များနှင့် အခွင့်အရေးများနှင့် စပ်လျဉ်း၍ ခေတ်ကာလ နှင့်အညီ လေ့လာတင်ပြခြင်း”၊ လုပ်ငန်းအဖွဲ့ (၂) မှ “ဥပဒေရုံးများ စစ်ဆေးခြင်း (၁၉၉၀) ကို ခေတ်ကာလနှင့်အညီ ပြင်ဆင်ရေး”၊ လုပ်ငန်းအဖွဲ့(၃) မှ “မြန်မာနိုင်ငံတွင် ပုဂ္ဂလိကအပြည်ပြည်ဆိုင်ရာ ဥပဒေကျင့်သုံးမှုအပေါ် လေ့လာတင်ပြခြင်း”၊ လုပ်ငန်းအဖွဲ့ (၄) မှ “စင်ကာပူ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ကျင့်သုံးလျက်ရှိသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေများကို လေ့လာတင်ပြခြင်း”၊ လုပ်ငန်းအဖွဲ့(၅) မှ “Comparative Study of Prosecution Systems between Singapore and Myanmar”၊ လုပ်ငန်းအဖွဲ့ (၆) မှ “ အီလက်ထရောနစ်နည်းဖြင့် ဆောင်ရွက်သည့် ကူးသန်းရောင်းဝယ်ခြင်းတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကာကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ ဥပဒေရှုထောင့်မှ လေ့လာတင်ပြခြင်း” တို့ကို ရေးသားခဲ့ပါကြောင်း၊ ယနေ့ကျင်းပသည့် စာတမ်းဖတ်ပွဲအခမ်းအနားကို တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်ရုံးများရှိ အရာထမ်းများအား တက်ရောက်စေသည့် ရည်ရွယ်ချက်မှာ ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်၊ ဥပဒေရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေ ကြသော အရာထမ်းများအား ဥပဒေအသိပညာများ တိုးတက်စေရန်၊ စာတမ်းဖတ်ပွဲ အတွေ့အကြုံများ ရရှိစေရန်၊ အချင်းချင်းဥပဒေအသိပညာများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းဖြင့် လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်စေရန်ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများ ကလည်း စိတ်ပါဝင်စားစွာနားထောင်ပြီး မိမိတို့အတွေ့အကြုံ၊ အမြင်များဖြင့် သုံးသပ်ပြီး တက်တက်ကြွကြွ ပါဝင်ဆွေးနွေး ကြစေလိုပါကြောင်း၊ ယခုစာတမ်းဖတ်ပွဲမှတစ်ဆင့် ဥပဒေအသိပညာများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးဖလှယ်ကြပြီး ရရှိလာသည့် အသိပညာ ဗဟုသုတများဖြင့် မိမိဌာန၏အကျိုးကို ဆတက်ထမ်းပိုး ပိုမိုထမ်းရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
စာတမ်းဖတ်ပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေသုတေသနလုပ်ငန်းအဖွဲ့ (၁) က “ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့် အခွင့်အရေးများနှင့်စပ်လျဉ်း၍ ခေတ်ကာလနှင့်အညီ လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လုပ်ငန်းအဖွဲ့ (၂) က “ဥပဒေရုံးများစစ်ဆေးခြင်း (၁၉၉၀) ကို ခေတ်ကာလနှင့်အညီ ပြင်ဆင်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း ဖတ်ကြားကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးများမှ အရာထမ်းများကလည်း Online မှတစ်ဆင့် တက်ရောက်ကြသည်။
သတင်းစဉ်