စစ်တွေ မေ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ပြုပြင်ပြီးစီးမှုနှင့် သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စစ်တွေစာတိုက်ကြီးသို့ရောက်ရှိကာ မုန်တိုင်းဒဏ်ကြောင့် စာတိုက်အဆောက်အဦပျက်စီးထိခိုက်မှုနှင့် ပြန်လည်ပြုပြင်ရန် စီမံဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဌာန၏လုပ်ငန်းတာဝန်များ ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်နိုင်ရေး မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ရောက်ရှိပြီး မုန်တိုင်းဒဏ်သင့်ဒေသများသို့ ပို့ဆောင်ပေးမည့် တပ်မတော်ကမ်းထိုးရေယာဉ်များပေါ်သို့ စက်ယန္တရားများဖြင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးတို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ကျင်းပသည့် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများက ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပြီးစီးနိုင်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
မိုဘိုင်းစခန်းများပြုပြင်
ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာ စုစုပေါင်းလေးခု၏ မိုဘိုင်းစခန်း ၁၂၃၃ ခုရှိသည့်အနက် မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှုပြတ် တောက်ခဲ့ပြီး ကျန်စခန်း ၃၂၉ခု ဖြင့်သာ ဝန်ဆောင်မှုပေးခဲ့ရာမှ မြေပေါ်မြေအောက် ဖိုင်ဘာကေဘယ်လ်များပြုပြင်ခြင်း၊ အချို့သော မိုက်ခရိုဝေ့ဖ်ဆက်ကြောင်းများကို ဖိုင်ဘာဆက်ကြောင်းများဖြင့် ပြောင်းလဲချိတ်ဆက်ခြင်းနှင့် မိုဘိုင်းစခန်း ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ရာ မေ ၂၇ ရက်အထိ မိုဘိုင်းစခန်းစုစုပေါင်း ၇၆၈ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့သဖြင့် စုစုပေါင်းမိုဘိုင်းစခန်း ၁၀၉၇ စခန်းရာခိုင်နှုန်းအားဖြင့် ၈၈ ဒသမ ၉၇ ရာခိုင်နှုန်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ပြီဖြစ်သည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားသော ရေငန်တားတာ ၃၂ ခုအနက် မောင်တောမြို့နယ်ခြံပြင်တာ၊ မြောက်ဦးမြို့နယ် ကုလားပုန်းကျွန်းပတ်တာ၊ မြေပုံမြို့နယ် ငမန်းရဲကျွန်းတာ အပိုင်း(၁)နှင့် အပိုင်း(၂)တို့တွင် တာရေကျော် တိုက်စားခြင်း၊ ကျိုးပေါက်ခြင်းများဖြစ်ပေါ်ခဲ့သည်။
မိုးမကျမီပြုပြင်ဆောင်ရွက်
ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သောတာများကို မိုးမကျမီပြုပြင်ပေးနိုင်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏမှာ မြေကျင်းစုစုပေါင်း ၃၂၉၃၃ ကျင်းရှိသည့်အတွက် စက်ယန္တရားများလုပ်ငန်းခွင်များသို့ အချိန်မီ ရောက်ရှိအောင် စီမံဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မေ ၂၁ ရက်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
မေ ၂၇ ရက်အထိ မြေကျင်းပေါင်း ၁၀၃၆၅ ကျင်းခန့် ပြီးစီးပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၄၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး လုပ်ငန်းအားလုံးကို ဇွန် ၃ ရက်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိခိုက်ပျက်စီးသွားသော ရေငန်တားတာသုံးခုကို မိုးမကျမီပြီးစီးအောင် ပြုပြင်ပေးခြင်းအားဖြင့် စုစုပေါင်းရေဘေးကာကွယ် ဧရိယာ ၁၄၂၂၅ ဧကအတွင်း ဒေသခံတောင်သူများ၏ မိုးစပါးများ အပြည့်အဝစိုက်ပျိုးနိုင်အောင် ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်